သတင်း

ကြေးနီသယ်ယာဉ်များကို တားဆီးကာ လက်ပံတောင်းဒေသခံများ သပိတ်စခန်းဖွင့်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံ တောင်သူများက တောင်း ဆိုချက်များ မရသေး သည့်အတွက် လက်ပံတောင်း ကြေးနီ စီမံကိန်းမှ ကြေးနီတင်ယာဉ် ၄စီးကို တားဆီးကာ မိုးကြိုးပြင်အလယ်ရွာ အနီးတွင် ယမန်နေ့ညက သပိတ်စခန်းဖွင့်လှစ်လိုက်သည်။

၂၀၁၃ ခုနှစ် မတ်လထွက်ပေါ်ခဲ့သည့် အစီရင်ခံစာပါ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရန်နှင့် သီးနှံနစ်နာကြေး ရရှိရန်အတွက် သပိတ်စခန်းဖွင့် တောင်းဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဆားလင်းကြီးမြို့နယ် ဆည်တည်းကျေးရွာမှ ဒေါ်ရီဝင်း က“ထိုင်သပိတ် လုပ်ပြီး တောင်းဆိုမှာက သီးနှံနစ်နာကြေးနဲ့ အစီရင်ခံစာထဲမှာ ပါတဲ့ မြေဧက ၁၉၀၀ ကို ဖော်ဆောင်ပေးမယ် ဆိုတဲ့ ၂ ချက်ကိုပဲ တောင်းဆိုမှာပါ။ ဦးပိုင်ဝမ်ပေါင် ကုမ္ပဏီက ပြောတဲ့အပေါ် မူတည်တယ် ကိုယ်တောင်းဆိုတဲ့ အဖြေရရင် ဒီနေ့ရရင် ဒီနေ့ လွှတ်ပေးလိုက်မှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထွက်ပေါ်ခဲ့သော အစီရင်ခံစာ၌ သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေသည့် စံချိန်စံညွှန်း များ နှင့် စီမံကိန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများကို ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေး ပေးရန် နှင့် ဒေသအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် စသည့် အချက်များ ပါဝင်ခဲ့သည်။

လက်ပံတောင်းဒေသခံများ ကြေးနီးတင်ယာဉ်များကို တားဆီးကာ ထိုင်သပိတ်ပြုလုပ်နေစဉ် (ဓာတ်ပုံ – မစန်းနွဲ့)

ယခုသပိတ်စခန်းဖွင့် တောင်းဆိုနေမှု အဆင်ပြေသွားပါက အောက်တိုဘာ ၂၀ ရက်နေ့တွင် ဒေသခံများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ပြီး ဖြစ် ကြောင်းကို ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာသိန်းနိုင်က ဧရာဝတီသို့ ပြောသည်။

ဒေါက်တာသိန်းနိုင်က “အေးချမ်းစွာ ပြေလည်သွားရင်တော့ တွေ့ဆုံဖို့ အစီအစဉ်ကို စည်ပင်ဝန်ကြီးလည်းပဲ ကတိပေး ထားတယ်၊ ကျနော်တို့ ဒီကိစ္စကို ဒေသခံတွေနဲ့ ဆွေးနွေးမယ်၊ အစိုးရကလည်း ဥပဒေကြောင်းအရ ရှင်းပြရမှာပေါ့ ကုမ္ပဏီ ရယ် အစိုးရရယ် ဒေသခံတွေရယ် လွှတ်တော်ကိုယ်စားလှယ်တွေရယ် ဌာနဆိုင်ရာတွေရယ် တွေ့ဖို့ စိုင်းပြင်းနေတယ်” ဟု ဆိုသည်။

တုံတောကျောင်း ကျေးရွာမှ ဒေါ်စန်းနွဲ့က “သီးနှံနစ်နာကြေးတောင်းတော့ စုံ/ကော်အစီရင်ခံစာမှာ မပါတဲ့အတွက် မပေး နိုင်ဘူးလို့ပြောတယ်။ ဒါဆို ကျမတို့ကလည်း စုံ/ကော်အစီရင်ခံမှာပါတဲ့ မြေဧက ၁၉၀၀ ကို စီမံကိန်းရဲ့ အနီးတဝိုက် လုပ် ကိုင်စားသောက်လို့ရတဲ့ မြေကို ဖော်ထုတ်ပေးရမယ်ဆိုပြီး တောင်းဆိုနေတာပါ” ဟုပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်း ကြေးနီစီမံကိန်းရှိ ဒေသခံတောင်သူများသည် သိမ်းဆည်းခံထား ရသည့် မြေယာ များအတွက် အစားထိုးမြေဧက ရရှိရန် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မိုးကြိုပြင်ရွာမှ စတင်ကာ ဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့ အရောက် ဆန္ဒပြခဲ့ကြပြီး အစီရင်ခံစာတွင် ပါဝင်သော အစားထိုးမြေ ဧက ၁၉၀၀ ဖော်ထုတ်ပေးရန်၊ အစီရင်ခံစာအား မလိုက်နာ သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား စစ်ဆေးအရေးယူပေးရန် နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အား ရပ်ဆိုင်းပေးရန် စသည့်အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်း၍ Myanmar Wanbao Mining Copper ltd အဖြစ် ၂၀၁၀ ခုနှစ် မေလတွင် စတင် လုပ်ကိုင် ခဲ့ ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading