မြန်မာနိုင်ငံတွင် သဘာ၀ ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် နှစ်စဉ် နိုင်ငံ၏ ဂျီဒီပီ သုံးရာခိုင်နှုန်းခန့် ဆုံးရှုံး နစ်နာလျှက် ရှိသည်ဟု ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
နေပြည်တော် သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၉ ရက်က ကျင်းပသော မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျော့ချရေး လုပ်ငန်း စီမံချက်( MAPDRR) မိတ်ဆက်ပွဲ အခမ်းအနားတွင် ဒုသမ္မတက အဖွင့်မိန့်ခွန်း ပြောကြားရာ၌ ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် စီးပွားရေးကဏ္ဍမှာ တိုက်ရိုက် ထိခိုက်ဆုံးရှုံးမှုတွေဟာ အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံခန့် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း သဘာ၀ ဘေးအန္တရာယ် ကျရောက်မှုကြောင့် နှစ်စဉ် နိုင်ငံ ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံး နစ်နာလျက် ရှိပါတယ်” ဟု ဒုတိယ သမ္မတက ပြောကြားသည်။
သဘာဝဘေး အန္တရာယ်များသည် နိုင်ငံမရွေး ကျရောက်နိုင်သည် ဆိုသော်လည်း ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများတွင် ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ ပိုမိုကြုံတွေ့ နေရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက “နိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဘေး အန္တရာယ်တကြိမ် ကျရောက်တိုင်း ပျမ်းမျှလူပေါင်း ၃၂၇ ဦး အသက်ဆုံးရှုံးနေရပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာ ကြုံတွေ့ရတဲ့ အသက်ဆုံးရှုံးမှု အရေအတွက်ထက် ၅ ဆခန့် ပိုများပါတယ်” ဟုဆိုသည်။
ပတ်ဝန်းကျင်နှင့် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးသန်းအေးက“ မဖြစ်ခင် ကြိုတင် ကာကွယ်တာက ထိရောက်မှု ရှိတယ်၊ ပျက်စီး ဆုံးရှုံးမှုလည်း ပိုနည်းမယ်၊ ဘေးအန္တရာယ်လည်း ပိုပြီးတော့ သက်သာမယ်။ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်ပြီး စီမံချက်နဲ့ လုပ်တဲ့ အတွက် အကျိုးရှိတဲ့ အပြင် ငွေကြေး ကုန်ကျစရိတ်တွေလည်း လျော့ချနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် သဘာ၀ ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက် ဆုံးရှုံးမှုများကို အကာအကွယ် ပေးထားသည့် ရင်းနှီးမြှပ်နှံမှု ပုံစံမျိုးများ တိုးတက်လာစေရန် (MAPDRR) စီမံချက်က အထောက်အကူ ပြုမည် ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်ကို သာမက လူ့ပယောဂကြောင့် ဖြစ်သည့် မတော်တဆ အန္တရာယ် ဖြစ်ပွားမှု များကိုပါ လုပ်ငန်းစီမံချက် အတွင်းတွင် ထည့်သွင်းထားကြောင်း ဒုသမ္မတက ပြောကြားခဲ့သည်။
NLD အစိုးရလက်ထက်တွင် သဘာ၀ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး နိုင်ငံ၏ ထိပ်ဆုံးအဆင့် ဦးစားပေး မူဝါဒ အဖြစ် ချမှတ် ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဇူလိုင် ၂၀ ရက်နေ့တွင် ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပသော ရေသယံဇာတနှင့် ဘေးအန္တရာယ်များ ဆိုင်ရာ ကုလသမဂ္ဂ အထူး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မယ့် အခြေအနေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ အတွက် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေကို ၂၀၁၃ခုနှစ်မှာ အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒီမိုကရေစီ နည်းလမ်းနဲ့ ရွေးချယ်ခံရတဲ့ အစိုးရ စတင်အုပ်ချုပ်တဲ့ အချိန်မှာတော့ တိုင်းပြည်တွင်း ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက် ဖွံဖြိုးမှု အားလုံးထက် ဦးစားပေးရမယ့် ကိစ္စလို့ အသိအမှတ်ပြုခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခင် အစိုးရ အဆက်ဆက်တွင် သဘာ၀ ဘေးအန္တရာယ် ကျရောက်ချိန် ကိုင်တွယ် ဆောင်ရွက်မှု အားနည်းခဲ့သည့် အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဝေဖန် ပစ်တင်ခဲ့ပြီး အထူးသဖြင့် မြန်မာ့သမိုင်းတွင် အကြီးမားဆုံး ဆိုင်ကလုန်း မုန်တိုင်းဖြစ်သည့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်မှုတွင် လူဦးရေ သိန်းနှင့်ချီ သေဆုံးသည် အထိ ဖြစ်ပွားခဲ့ရာပြန်လည်ထူထောင်မှုများ ပြုလုပ်ခဲ့သည်။