ဥရောပသမဂ္ဂ(EU)က မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို ဘင်္ဂလီဒုက္ခသည် ၅ သိန်းထက်မနည်းအား တိုင်းပြည်ပြင်ပ ထွက်ပြေးစေခဲ့သည့်အတွက် ပထမအဆင့်အနေဖြင့် အဆက်အသွယ်ဖြတ်တောက်သွားမည်ဟု ရိုက်တာသတင်းတပုဒ်က ရေးသားထားသည်။
EU နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၆ ရက်တွင် ဆွေးနွေးကြမည်ဖြစ်ပြီး ထုတ်ပြန်မည့် ကြေညာချက်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားစစ်အရာရှိကြီးများအား ဖိတ်ခေါ်ခြင်းအား ရွှေ့ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း သတင်းက ဆိုသည်။
အင်္ဂ ါနေ့က EU အဖွဲ့ဝင် ၂၈ နိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေးထားပြီး ထပ်မံမွမ်းမံကောင်း မွမ်းမံနိုင်သည်ဟူသော ယင်းကြေညာချက်မူကြမ်းတွင် ထပ်မံတိုးချဲ့ အရေးယူမှုများသည် ဖြစ်ထွန်းမှုများအပေါ် မူတည်မည်ဆိုသော်လည်း “အပေါင်းလက္ခဏာဆောင်သည့် ဖွံ့ဖြိုးမှုနှင့်လျော်ညီစွာ တုံ့ပြန်မည်” ဟု ရေးသားထားကြောင်းလည်း ဆိုသည်။
တည်ရှိနေဆဲ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ဆက်လက် ထားရှိရန် ထောက်ခံကြောင်းလည်း သိရသည်။
EU ကြေညာချက်မူကြမ်းက ရခိုင်ပြည်နယ်အရေးကို အလေးအနက် အထားဆုံးဖြစ်ပြီး ကချင်နှင့်ရှမ်းပြည်နယ်တို့အတွက်လည်း အထူးအာရုံစိုက်ထားကြောင်း ရိုက်တာသတင်းက ဆိုသည်။
နေရာပေါင်းစုံတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ အပစ်အခတ်ရပ်စဲရေး မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများ အဆုံးသတ်ရေးနှင့် အရပ်သားအားလုံး အကာအကွယ်ပေးရေးတို့အပြင် မငြိမ်မသက်ဖြစ်နေသည့်ဒေသများသို့ လူချင်းစာနာမှု အထောက်အပံ့များ ပေးခွင့်ပြုရေးပါ အဆိုပါကြေညာချက်မူကြမ်းက တိုက်တွန်းထားကြောင်း သိရသည်။
မြန်မာနှင့် ဥရောပသမဂ္ဂ စစ်ဘက် ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အာဏာရလာပြီးနောက်ပိုင်း ယခင်စစ်အစိုးရလက်ထက် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားလိုက်အပြီး အနည်းငယ် တိုးတက်လာခဲ့သည်။
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပ နိုင်ငံများသို့ လေ့လာရေး ခရီးများ စတင် သွားရောက်ခဲ့သလို ၂၀၁၆ ခုနှစ်က ဘရပ်ဆဲလ်တွင် ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ စစ်ရေးကော်မတီ (EUMC) အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
၂၀၁၃ ခုနှစ် ဇွန်လက ယခင် ဗြိတိန် စစ်ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး Sir David Richards မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်အချိန်က တွေ့ဆုံရာတွင် ထိုစဉ်က အတိုက်အခံခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က သတိ ဖြင့် ပြုလုပ်သည့် စစ်တပ်ချင်း ဆက်ဆံရေးကို အလေးအနက် ထောက်ခံကြောင်း ပြောဆိုသည်။ နောက် ၆လ အကြာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လတွင် လေ့ကျင့်သင်တန်းပေးသည့် အစီအစဉ် တခုကို ဗြိတိန်တွင် စတင်ခဲ့သည်။
စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဗြိတိန် အစိုးရက မြန်မာ့တပ်မတော် နှင့် အတူပြုလုပ်နေသည့် လေ့ကျင့် သင်တန်းပေးမှုများကို ဆိုင်းငံ့ထားလိုက်ကြောင်း ကြေညာခဲ့သည်။