သတင်း

တပ်ဖွဲ့ဝင် နှစ်ဦး လွတ်မြောက်ရေး JMC-S တွင် ဆွေးနွေးမည်ဟု RCSS ပြော

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်၊ မိုင်းပူးလုံဒေသတွင် လှုပ်ရှားနေသော RCSS/SSA မှ တပ်ဖွဲ့ဝင် နှစ်ဦး အငြင်းပွားဖွယ်ရာ ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး ပြန်လည်လွတ်မြောက်ရေး JMC-S တွင် ဆွေးနွေးသွား မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဘက်မှ ပြောသည်။

ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) အစည်းအ ဝေးကို လာမည့် အောက်တိုဘာ ၁၂ ရက်တွင် ခိုလမ်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက “ကျနော်တို့ ဒါကို အရင် ကတည်းကလည်း ပြောထားပြီးပါပြီ။ ကျနော်တို့ တပ်ဖွဲ့ဝင်နှစ်ဦး လွတ်မြောက်ရေးအတွက် JMC-S အစည်းအဝေးမှာ တင်ပြ ဆွေးနွေး သွားမယ်။ အရင်တုန်း ကလည်း ဆွေးနွေးခဲ့ဖူးပါတယ်”ဟု ပြောသည်။

ယင်းတပ်ဖွဲ့ဝင် ၂ဦးဖြစ်သည့် စိုင်းဆေလုံနှင့် စိုင်းလုံတို့သည် ၂၀၁၇ ခုနှစ်၊ဇူလိုင် ၂၅ ရက်က မိုင်းပြင်း မြို့ နယ်၊ မိုင်းပူးလုံဒေသ၊ ကျိန်းဟင်ကျေးရွာတွင် မိသားစုထံ ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် အဆင်ပြေ ကြောင်း ဖုန်းဆက် ပြောကြားနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း RCSS ဘက်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ်၊ မိုင်းဆတ်မြို့နယ် အခြေစိုက် တပ်မတော်၏ ခြေမြန် တပ်ရင်း အမှတ် ၅၂၇ မှ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်ကြောင်း RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက ၂၀၁၇ ခုနှစ်၊ သြဂုတ် ၁ ရက် က ဧရာဝတီသို့ ပြောထားသည်။

JMC-S မှ အရပ်သား ကိုယ်စားလှယ် ခွန်စိုးထွန်းအောင်က “ အရင်တခေါက်က ဆွေးနွေးဖြစ်ခဲ့ သေးတယ်။ RCSS ဘက်က တင်ပြထားတာရှိတယ်။ အဲ့ဒီ တပ်ဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခံရတာ နဲ့ပတ်သက်ပြီးတော့ပေါ့။ ဒီလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် JMC-S အစည်းအဝေးမှာလည်း RCSS ဘက်က ဒါကို တင်ပြ ဆွေးနွေးလာဖို့ ရှိတယ်။ ကျနော်တို့ကတော့ အရပ်သား ကိုယ်စားလှယ်တွေ ဖြစ်တော့ ဘယ်ဘက်မှ ဘက်လိုက်မှုမရှိအောင် ကြားကနေ ခုံသမာဓိအနေနဲ့ ဆောင်ရွက်ပေး နေပါတယ်”ဟု ပြောသည်။

RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA ကို လက်မှတ် ထိုးထား သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော်လည်း ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် RCSS အကြား နယ်မြေ အငြင်းပွားကာ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ထိုးပြီးနောက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ အထိ RCSS နှင့် တပ်မတော်တို့အကြား ထိတွေ့ တိုက်ပွဲ ၂၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပြီး NCA စာချုပ်အပေါ် မည်သူ ချိုးဖောက်သည်ဟုဆိုကာ အပြန်အလှန် စွပ်စွဲ ပြစ်တင်မှုများ ရှိနေကြကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသော စိုင်းလုံနှင့် စိုင်းဆေလုံတို့ နှစ်ဦးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရပြီး ၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၂၉ ရက်က တရားလိုပြ သက်သေ ရောက် မလာခြင်းကြောင့် အောက်တိုဘာ ၉ ရက်သို့ ပြန်လည် ရုံးချိန်းသော်လည်း တရားလိုပြသက်သေ ထပ်မံ လာရောက်ခြင်းမရှိ၍ ထပ်မံရုံးချိန်းသော်လည်း မည်သည်နေ့ဆိုသည်ကို မသိရကြောင်း ရှမ်းသံတော် ဆင့် သတင်းဌာနက ဖော်ပြထားသည်။

RCSS နှင့် တပ်မတော်အကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၁၁ ရက် RCSS ဥက္ကဌ ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတောင်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading