တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ၂ နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားသို့ အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း အစိုးရက တက်ရောက်ခွင့် ပြုလိုက်ကြောင်း သတင်း ရရှိသည်။
ထိုအခမ်းအနားကို အပစ်မရပ်သေးသည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင် သော မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုတို့ တက်ရောက်ရန် အပစ်ရပ် ၈ ဖွဲ့က အစိုးရထံ ဆိုပြုရာ အစိုးရဘက် က အောက်တိုဘာ ၁၀ ရက် တွင် လက်ခံလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အပစ်ရပ် ၈ ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ငြိမ်းချမ်းရေး ရှေ့ လုပ်ငန်းစဉ်နှင့် NCA နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာ ၉ ရက် မှ ၁၀ ရက်နေ့အထိ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူဆွေးနွေး ပြီးနောက် သတင်း မီဒီယာများထံ ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
PPST ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်း က “ဒီနေ့ မနက်မှာ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ နာယက ကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွ့ဲနဲ့ နေပြည်တော်မှာ ဆွေးနွေးလို့ ပြီးပါပြီ။ ဆွေးနွေးပွဲမှာတော့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကိုရော၊ UNFC ကိုရော ဖိတ်ကြားဖို့ ကျနော်တို့ဘက်က အဆိုပြုပါတယ်။ အဲဒီ အဆိုပြုမှုကို အစိုးရကလည်း လက်ခံပြီးတော့မှ ဖိတ်ကြားဖို့အတွက် ၂ ဘက် သဘော တူပြီးဖြစ်ပါတယ်” ဟု သတင်း မီဒီယာများကို ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ တွင် NCA လက်မှတ် ရေးထိုးခဲ့ကြပြီး ယင်းသို့ ရေးထိုးခဲ့မှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အဖြစ် ယခုလ ၁၅ ရက် နေ့တွင် နေပြည်တော်၌ နိုင်ငံတော် အဆင့် ပြုလုပ်သွားမည်ဟု ဆိုသည်။
အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ အနေဖြင့် NCA နှစ်ပတ် လည် အခမ်းအနားနေ့ တက်ရောက်ဖြစ်ပါက ထိုခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း လုပ်ချမ်းရေး လုပ်ငန်း စဉ်နှင့် ပတ်သက်ပြီး သီးခြားစီ တွေ့ဆုံ ဆွေးနွေးဖြစ်ဖွယ် ရှိသည်ဟုလည်း သိရသည်။
ထိုအခမ်းအနားသို့ တက်ရောက်မည့် အပစ်ရပ် ၈ ဖွဲ့ကတော့ တဖွဲ့ကို ကိုယ်စားလှယ် ၁၁ ဦးစီ တက်ရောက်ရန် ဆုံးဖြတ် ထားကြပြီး အခမ်းအနားတွင် NCA လမ်းကြောင်းပေါ်တွင် ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က တက်ရောက်၍ မိန့်ခွန်း ပြောကြားမည်ဟု ဆိုသည်။
UWSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့တွင် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင် အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။