စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာ တရွာမှ စာသင်ကျောင်း တကျောင်း သည် စာသင်ကြားပေးမည့် ဆရာ၊ ဆရာမ မရှိ၍ ပိတ်ထားရသည်မှာ ၂ လခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ယန်နောနုတ်ညှိ ကျေးရွာက မူလတန်းလွန် စာသင်ကျောင်းသည် သြဂုတ်လမှ စတင်ကာ ပိတ်ထားရကြောင်း နန်းယွန်းမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် က ပြောသည်။
အဆိုပါ မူလတန်းလွန် ကျောင်းတွင် မူလက ဆရာမ ၂ဦးရှိရာ ပညာရေးဌာနက တခြား အရပ်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် ညွှန်ကြားစာ ရောက်လာခဲ့ခြင်းကြောင့် ပြောင်းရွှေ့သွားခဲ့ကြသော်လည်း အစားထိုး ခန့်အပ်နိုင်ခြင်း မရှိ သေးသည့်အတွက် ပိတ်ထားရခြင်း ဖြစ်သည်ဟုလည်း နန်းယွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် – ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကမူ “ကျနော့်ကို နန်းယွန်းဘက်က ဘာမှ မပြောသေးဘူး ဗျာ။ အဲ့ဒါ ကို ကျနော်တောင် မသိသေးဘူး။ အဲ့ဒါကိုကျနော်တို့ဆီ ဘာလို့မပြောတာလဲ။ နာဂဦးစီးက ကျနော့်ဆီမပြောဘူး။ ပညာရေး ဌာနကိုလည်း လှမ်းမေးလိုက်ဦးမယ်။ ဒါကတော့ အမြန်ဆုံး ကျနော်တို့ တိုင်းပြည် အတွက် လိုအပ်တာ ပညာရေးလေ။ ပညာ ရေး၊ ကျန်းမာရေးပေါ့။ ဒီပညာရေးကိုတော့ အတတ်နိုင်ဆုံး သွားပြီးတော့ ဗော်လန်တီယာ ရှာရမှာပေါ့”ဟု ပြောဆိုသည်။
နာဂဦးစီး နှင့် နာဂဒေသရှိ ပညာရေးဌာနမှ တင်ပြမှုမရှိသည့် အတွက် မိမိအနေဖြင့် မသိရသေးသော်လည်း အမြန် ဆုံး ဗော်လန်တီယာ (စေတနာ့ ဝန်ထမ်း) ရှာဖွေ၍ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ နာဂဒေသသို့ ၆ လ သို့မဟုတ် ၁ နှစ် တာဝန် ထမ်းဆောင်ပြီးပါက ပြောင်းရွှေ့လိုသော ဒေသသို့ ပြောင်းရွှေ့ခွင့် ပြုသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြော သည်။
ထိုကျောင်းတွင် စာသင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ရှိကြောင်း၊ နန်းယွန်းမြို့နယ်တွင် ကျေးရွာ ပေါင်း ၁၀၀ ကျော်ရှိသော်လည်း စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမ ၂ ဦး သို့မဟုတ် ၃ ဦးသာ ရှိခြင်းကြောင့် ကလေးငယ် များ ပညာသင်ကြားရေး အခက်အခဲများရှိနေကြောင်း သိရသည်။
နာဂဒေသသည် လမ်းပန် ဆက်သွယ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးမှု နိမ့်ကျနေခြင်း နှင့် ဝေးလံခြင်းတို့ကြောင့် ပညာရေး ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ သွားရောက် တာဝန်ထမ်းဆောင်ခြင်း နည်းပါးလှသည်။
“လမ်းပန်း ဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးရမယ်။ ဆက်သွယ်ရေး ကောင်းအောင် ဖုန်းတွေ ကောင်းအောင် လုပ်ပေးရမယ်။ မိသားစုနဲ့ ပြောချင်တဲ့အခါ ပြောနိုင်အောင်ပေါ့။ ဘယ်သူသွားချင်မလဲ။ သွားချင်အောင် ကျနော်တို့ အကုန် လုံး လုပ်ပေးရမယ်။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မတိုးတက်ဘဲနဲ့ စစ်ကိုင်တိုင်းဒေသကြီး တိုးတက်တယ်လို့ ပြောလို့ မရပါဘူး။ စစ်ကိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုးတက်အောင် အထူး လုပ်နေ ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။