သတင်း

ကလေး - တီးတိန်ကားလမ်းတွင် ယာဉ်တိမ်းမှောက် အမျိုးသမီး ၅ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် တီးတိန်မြို့နယ်မှ ကလေးမြို့ဘက်ထွက်ခွာလာသော ၆ ဘီးယာဉ် ကုန်တင်ကားတစီးသည် အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီ ၂၀ မိနစ်က ဟိန်ဇိန်ကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူများထဲမှ အမျိုး သမီး ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ကျား ၉ ဦး၊ မ ၄ ဦး စုစုပေါင်း ၁၃ ဦးသည် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေ ဝါးကုသမှုခံယူနေရကြောင်း၊ ကျန်ရှိသည့်ခရီးသည် ကျား ၈ ဦး၊ မ ၆ ဦး စုစုပေါင်း ၁၄ ဦးမှာ သာမန်ဒဏ်ရာများရရှိ၍ ပြင်ပ လူနာအဖြစ်သာ ကုသခဲ့ရကြောင်း တီးတိန်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ တိမ်းမှောက်ခဲ့သည့် ကုန်တင်ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအဝင် ခရီးသည် ၃၂ ဦး လိုက်ပါလာကြောင်း၊ မိုင်တိုင် အမှတ် ၂၈ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံ ကြားအရောက် ကလေးမြို့ဘက်မှ မောင်းနှင်လာသော အိမ်စီးကား (နံပါတ်မမှတ်မိ)အား တိမ်းရှောင်စဉ် လမ်းကျဉ်းနေသည့်အတွက် လမ်း၏ လက်ယာဘက်ခြမ်းမှတဆင့် ပေ ၁၀၀ ခန့်ရှိသော အောက်ဘက် ကားလမ်းပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း တီးတိန်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အခင်းဖြစ်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လဝက၊ မြို့နယ်ရဲတပ်ဖွဲ တို့မှ တာဝန်ရှိသူများနှင့်အတူ သက်သေ သိုင်းငင်းကျေးရွာတာဝန်ခံနှင့် ဟိန်ဇိန်ကျေးရွာတာဝန်ခံတို့နှင့်အတူ သွားရောက်စစ် ဆေးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကို ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၁၈ ဦးဆေးရုံတင်ထားရကြောင်း၊ ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရှိထားပြီး ယခုဖြစ်စဉ်မှာ ယာဉ်မောင်း၏ပေါ့ဆမှုကြောင့်ဟု ယူဆကြောင်း၊ သေဆုံးသွားသူများအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သေဆုံးသွားသည့် မိသားစုဝင်များအား ငွေကျပ် ၃ သိန်းစီထောက်ပံ့ပေးရန် လျာထားကြောင်း ဖြေကြားသည်။

ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်ပြီး လူကိုသေစေအောင်နှင့် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူ ယာဉ်မောင်း ဦး လျန်းပုမ်း(ခ)ဆွမ်းဆောမ်းလျန်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ အရ တီးတိန်စခန်းမှူး ဒုရဲမှူးပန်စိုးမှ တရားလိုပြု တိုင်တန်းထားပြီး ယာဉ်မောင်းမှာလည်း ကလေးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေရ ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading