ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်မှုနောက်တွင် တပ်မတော်ကလည်း ကူညီဆောင်ရွက်မှုများပေးလျှက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Scot Alan Marciel အား ရန်ကုန်မြို့၊ ကုန်းမြင့်သာယာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် အရေး ဆွေးနွေးရာတွင် ယင်းသို့ပြောဆိုသွားခြင်းဖြစ်သည်။
“ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပြီး တပ်မတော်မှလည်း ကူညီဆောင်ရွက်နေ”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ယင်းတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Craig Tippins နှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း သိရသည်။
ထိုတွေ့ဆုံပွဲသည် EU နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၆ ရက်တွင် ဆွေးနွေးကြမည်ဖြစ်ပြီး ထုတ်ပြန်မည့် ကြေညာချက်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားစစ်အရာရှိကြီးများအား ဖိတ်ခေါ်ခြင်းအား ရွှေ့ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း သတင်းပေါ်ထွက်လာအပြီး ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံပြည်ထောင်စုအနေဖြင့်လည်း ပင်လယ်ရေကြောင်း လုံခြုံရေး နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ကဲ့ သိုသောကဏ္ဍများတွင် မြန်မာ့တပ်မတော်ကို လေ့ကျင့်သင်တန်းပေးရေးကို ပယ်ဖျက်ခဲ့သည်။
ရိုဟင်ဂျာဆိုသူ ဘင်္ဂလီ မွတ်စလင်များ အလုံးအရင်းနှင့် ထွက်ပြေးခြင်းကြောင့် ပြည်ပ ပြစ်တင်ဝေဖန်မှု အများအပြားသည် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်နေသော်လည်း အနောက်နိုင်ငံများမှ သံတမန်များကမူ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့တပ်မတော်ကို ထိန်းချုပ်နိုင်ခြင်း မရှိဟု မြင်ကြပြီး မြန်မာ့တပ်မတော်ခေါင်းဆောင်များ အပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ခြေလှမ်းလှမ်းလာကြသည်။
တွေ့ဆုံပွဲတွင် အမေရိကန်သံအမတ်ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သမိုင်းကြောင်းနှင့် ရှုတ်ထွေးသည့် အနေအထားကို နားလည်သော်လည်း လက်ရှိအခြေအနေပေါ်တွင် စိုးရိမ်ပူပန်မိကြောင်း ထိုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လူ ၅ သိန်းကျော် ထွက်ပြေးခဲ့မှုအပေါ် ဒေသအတွင်းသာမက နိုင်ငံတကာကပါ စိုးရိမ်မှုများရှိပြီး မြန်မာနိုင်ငံ အပေါ် ဖိအားများစွာရှိကြောင်း ပြောသည်။
ထိုသို့ထွက်ပြေးရခြင်းမှာ အစာရိက္ခာပြတ်လပ်မှု၊ ဒေသခံတိုင်းရင်းသားများ၏ ခြိမ်းခြောက်မှု၊ နေအိမ်များကို မီးရှို့မှုတို့ကြောင့်ဟု ပြောဆိုကြကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိုးမညီစွာ အင်အား အများအပြားသုံးစွဲမှု၊ လူမျိုးတုံးသတ်ဖြတ်မှုများ လုပ်ဆောင်နေသည်ဟု ပြောဆိုမှုများလည်း ရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများ လျော့ကျစေရေးအတွက် မိတ်ဆွေနိုင်ငံအဖြစ် အပြုသဘောဆောင်သော ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသူများအား ပြန်လည်လက်ခံမည့် အခြေအနေကိုလည်း သိရှိလိုကြောင်းဖြင့် ဆွေးနွေးသည်ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွင် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မထိပါးမထိခိုက်စေရန်၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တိုင်းရင်းသားများ၊ နိုင်ငံသူ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ယင်းတာဝန်ကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော်လည်း ဥပဒေမဲ့ဆောင်ရွက်၍မရကြောင်း၊ ထိုဖြစ်စဉ်တွင် တရားဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခဲ့မှု မရှိဟု ဆိုသည်။
ARSA အကြမ်းဖက်အဖွဲ့ဦး ဦးဆောင်မှုအောက်တွင် ဒေသခံ ဘင်္ဂါလီရွာသားများလည်း ပါဝင်ကြောင်း အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ အင်အား ၁၇၈၅ ဦးကို နာမည်နှင့် ရွာအမည်များအား စာရင်းရရှိထားကြောင်း၊ ယင်း ဖြစ်စဉ်မတိုင်မီ အကြမ်းဖက်မှုနှင့်ပတ်သက်၍ သင်တန်းပေးလေ့ကျင့်မှု၊ စားနပ်ရိက္ခာစုပုံမှုနှင့် တပ်စခန်းများအား တိုက်ခိုက်ရန် ကြံစည်မှုသတင်းများအရ ယခုအကြမ်းဖက်မှုဖြစ်စဉ်အား ကြိုတင်စီစဉ်လုပ်ဆောင်သည်မှာ ထင်ရှားကြောင်း တပ်ချုပ်က ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသူများကို ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံသဘော တူညီမှုများအရ ပြန်လည် လက်ခံ သွားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး ဘင်္ဂါလီများ လက်ခံမည့် အချိန် ကာလမှာ ယင်းဆွေးနွေးညှိနှိုင်းမှုရလဒ်နှင့် စိစစ်မှုအခြေအနေများအပေါ်တွင် မူတည်ကြောင်းတို့အား အထောက် အထား မှတ်တမ်း ဓာတ်ပုံများပြသ၍ ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။
“ARSA အဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဒေသခံဘင်္ဂါလီရွာသားများပါရှိသည်ကို သိရှိရကြောင်း၊ သို့ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် မလုံဘဲ လုံခြုံမှုမရှိဟု ပြေးခြင်းဖြစ်နိုင်ကြောင်း၊ ဒေသခံရခိုင်များ၊ တိုင်းရင်းသားများ၊ အချို့သော ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများ၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများမှာ မိမိအတွက် လုံခြုံမှုရှိမည်ဟု ယူဆသည့် မောင်တော၊ စစ်တွေမြို့များသို့ ထွက်ပြေး တိမ်းရှောင်ကြကြောင်း၊ ဘင်္ဂါလီများ၏ Native အမှန်မှာ ဘင်္ဂလားဒေသ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၎င်းတို့နှင့် ဘာသာတူ၊ လူမျိုးတူ၊ ယဉ်ကျေးမှုတူသည့် တဖက်နိုင်ငံသို့ လုံခြုံမှုရှိမည်ဟု ယူဆ၍ ထွက်ပြေးခြင်းဖြစ်နိုင်” ဟု တပ်ချုပ်က ရှင်းပြထားသည်ကို တွေ့ရသည်။