သတင်း

ဝမ်ပေါင် ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံများ တွေ့ဆုံနိုင်ရန် တိုင်းအစိုးရ ပြင်ဆင်နေ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် လက်ပံတောင်းဒေသခံများနှင့် ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများကို တွေ့ဆုံပေးပြီး ညှိနှိုင်းဆွေးနွေးမှု တခု ပြုလုပ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

လက်ပံတောင်းဒေသခံများမှ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်နေခြင်းကြာင့် ယင်းကဲ့သို့တွေ့ဆုံနိုင်ရန်အတွက် စီစဉ်ရခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဧရာဝတီသို့ပြောသည်။

လတ်တလောတွင် တွေ့ဆုံဆွေးနွေးမည့် ရက်ကို အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းတွင် ပြုလုပ်နိုင်ရန် လျာထားပြီး ဒေသခံတောင်သူများ၊ ကုမ္ပဏီမှ တာဝန်ခံ၊ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အစိုးရမှ တာဝန်ရှိသူများ နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ တွေ့ဆုံ ညှိနှိုင်းကြမည်ဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က “ကုမ္ပဏီဘက်က တာဝန်ခံက ခရီးသွားနေတော့ သူပြန်လာတဲ့ နေ့မှ တွေ့ဆုံဖြစ်မှာပါ။ တွေ့ဆုံဆွေးနွေးမှုတွေကတော့ အမြဲလုပ်နေတာပါ အခုကတော့ တွေ့ဆုံဖို့ကို ဆန္ဒပြ တောင်းဆိုမှုတွေ ရှိနေတော့ အစိုးရအနေနဲ့ကတော့ ကုမ္ပဏီဘက်က ပေးနိုင်တာနဲ့ ဒေသခံတွေဘက်က တောင်းဆိုတာကို ကြားချပြီး ညှိနှိုင်းပေးဖို့ပါ” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံ တောင်သူများက တောင်း ဆိုချက်များ မရသေးသည့်အတွက် လက်ပံတောင်း ကြေးနီ စီမံကိန်းမှ ကြေးနီတင်ယာဉ် ၄စီးကို တားဆီးကာ မိုးကြိုးပြင်အလယ်ရွာ အနီးတွင် အောက်တိုဘာလ ၉ ရက်နေ့ညက သပိတ်စခန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကား ၄ စီးကို ထွက်ခွာနိုင်ရန်အတွက် အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ရဲ နှင့် တပ် မှ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်က လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့ထားသူများကိုမူ ဖမ်းဆီးခြင်း၊ ဖြိုခွဲခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“အခုထိ သပိတ်စခန်းကတော့ ရှိနေတုန်းပါပဲ။ ဖြိုခွင်းမှုတွေ မလုပ်သွားဘူးဆိုပေမယ့် လူအင်အား၊ လက်နက် အင်အားနဲ့ လာတာဆိုတော့ ဒေသခံတောင်သူတွေ လျော့နည်းသွားတာတော့ ရှိတယ်။ အခုက လူပြန်စု နေပါတယ်။ တောင်းဆိုတာတွေ မရမချင်းတော့ ဒေသခံတောင်းသူတွေက တောင်းဆိုသွားမှာပါ” ဟု တုံတောင်ကျောင်း ကျေးရွာမှ ဒေါ်စန်းနွဲ့က ဧရာဝတီသို့ပြောသည်။

လက်ပံတောင်းဒေသခံတောင်သူများမှ ၂၀၁၃ ခုနှစ် မတ်လတွင် ထွက်ပေါ်ခဲ့သည့် အစီရင်ခံစာပါ အစားထိုး မြေဧက ၁၉၀၀ ဖော်ထုတ်ပေးရန်နှင့် သီးနှံနစ်နာကြေး ရရှိရန်အတွက် တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်း၍ Myanmar Wanbao Mining Copper ltd အဖြစ် ၂၀၁၀ ခုနှစ် မေလတွင် စတင် လုပ်ကိုင် ခဲ့ ခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်- ပိတ်ဆို့ခံရသည့် ဝမ်ပေါင်ကုမ္ပဏီပိုင်ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကယ်ထုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading