သတင်း

၁၂ နိုင်ငံ ပါဝင်သည့် အာရှ ဗုဒ္ဓဘာသာ အသင်း စတင်တည်ထောင်

အာရှဒေသတွင်း နိုင်ငံ ၁၂ နိုင်ငံမှ ထေရဝါဒနှင့် မဟယန ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ အာရှ ဗုဒ္ဓဘာသာ အသင်း(ASIAN Buddhist Community-ABC) ကို အောက်တိုဘာ ၁၂ ရက်တွင် စတင် တည်ထောင်ပြီ ဖြစ်ကြောင်း အသင်းဝင် ဦးဆောင် ဆရာတော်များက မိန့်ကြားသည်။

ABC တည်ထောင်ခြင်းကို ရန်ကုန်မြို့ရှိ ကရဝိတ် ဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး အသင်းတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံ တို့ ပါဝင်ကြကြောင်း သိရသည်။

အသင်းမတည် အလှူရှင်တဦးဖြစ်သူ ဇေကမ္ဘာ ဒေါက်တာ ခင်ရွှေက “အာရှနိုင်ငံတွေက ကိုရီးယားတို့၊ တရုတ်တို့ က မဟာယန ဖြစ်ပြီးတော့မှ ကျနော်တို့ အာဆီယံနိုင်ငံတွေက ထေရဝါဒ ဖြစ်နေတယ်၊ အဲ့ဒီလို ဖြစ်နေတာရဲ့ ပထမဦးဆုံး ခြေလှမ်းပါပဲ”ဟု ပြောသည်။

ဗုဒ္ဓသာသနာ တိုးတက်ပြန့်ပွားရေး လုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက်ကြရန် အတွက် အာရှ ဗုဒ္ဓဘာသာ အသင်း ကြီးကို ရည်ရွယ် ဖွဲ့စည်းခြင်းဖြစ်ပြီး အချင်းချင်းကြား မတိုက်ခိုက်ကြရန်နှင့် သာသနာကို အကြောင်းပြုကာ အခွင့်ထူးခံ မဖြစ်ကြရန် လည်း ရန်ကုန်တိုင်း သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တဣဒ္ဓိဗလ က သတိပေး မိန့်ကြား ခဲ့ သည်။

ကိုရီးယားနိုင်ငံမှ ဦးဆောင် ဆရာတော် ဒေါက်တာ မုတ်တက်က “ဗုဒ္ဓဘာသာအနေနဲ့ ထေရဝါဒ၊ မဟာယန ဆိုပြီး မခွဲခြား ဘဲ ပိုပြီး တသားတည်း ကျတဲ့ဘာသာ၊ သာသနာ ထွန်းကားဖို့ မျှော်မှန်းပါတယ်၊ ရှေ့လျှောက် ဗုဒ္ဓဘာသာကို တခုတည်း ပေါင်းစည်းနိုင်တဲ့ ဘာသာကြီး ဖြစ်လာမှာပါ”ဟု မိန့်ကြားခဲ့သည်။

နှစ်ရက်တာ ကျင်းပမည့် အခမ်းအနားတွင် ABC အသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်း တရပ်ကိုလည်း ထိုင်းနိုင်ငံ မဟာ ချူလာ လောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ်မှ အကြမ်းအားဖြင့် ရေးဆွဲထားပြီး အခမ်းအနားတွင် ဆွေးနွေး အတည် ပြုမည် ဖြစ်ကာ အသင်းဥက္ကဋ္ဌ နှင့် အထွေထွေ အတွင်းရေးမှူးများကို တပါတည်း ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

အာရှ ဗုဒ္ဓဘာသာ အသင်းကို ဒေါက်တာ ခင်ရွှေနှင့်အတူ ပူးတွဲအလှူရှင်အဖြစ် ထိုင်းနိုင်ငံမှ ဒေါက်တာ စူပါချိုင်းဗီရာပူချောင်း က မတည်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်နားလည်မှု စာချွန်လွှာကိုလည်း ယနေ့အခမ်းအနားတွင် ရေးထိုးသည်။

ABC အသင်း စတင်တည်ထောင်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ဆက်လက်ကျင်းပမည် ဖြစ်ပြီး နိုင်ငံတော် သံဃ မဟာနာယက အဖွ့ဲ ဥက္ကဋ္ဌ ဗန်မော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန ္တကုမာရဘိဝံသ ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

Loading