သတင်း

မိုင်းရှူး၌ တပ်မတော် စစ်ရေးပြင်ဆင်နေ၍ တိုက်ပွဲများ ဖြစ်လာနိုင်ဟု SSPPပြော

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့ပေါ်သို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးနှင့် တပ်ရင်း ၁ရင်း ရောက်ရှိလာပြီး စစ်ရေး ပြင်ဆင်နေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟု ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/SSA) ဘက်မှ ပြောဆိုမှုများရှိနေသည်။

ရလခတိုင်းမှူးသည် တပ်ရင်း ၁ ရင်းဖြင့် မနေ့က မိုင်းရှူးမြို့ပေါ်သို့ ရောက်ရှိ လာပြီး စစ်ရေး ပြင်ဆင် မှုများ ပြုလုပ်နေခြင်း ကြောင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်မိကြောင်းလည်း SSPP က ဆိုသည်။

SSPP မှ အတွင်းရေးမှူးအဖွဲ့ဝင် တဦးက “လွယ်နိုင်း-ဝမ်လွယ် လမ်းဖောက်လုပ်ရေးကိစ္စနဲ့ စစ်ရေးပြင် ဆင်မှုနဲ့ ပတ်သက်ပြီး ရလခတိုင်းမှူးနဲ့ တပ်ရင်း ၁ ရင်းအပါ မိုင်းရှူးမြို့ပေါ်သို့ ရောက်နေတယ်။ လောလောဆယ် သူက လက်ရှိအင်အားနဲ့ဆိုရင် တိုက်ပွဲကြီး မဆင်ပေမယ့် တိုက်ပွဲငယ်လေးတွေကို ဖန်တီးပြီး တိုက်ပွဲကြီး ရောက်သွား သည်အထိ လုပ်ဆောင်မယ်လို့ သိရှိ ရပါတယ်။ လျှို့ဝှက်လှုပ်ရှား မှုနဲ့ ချဉ်းကပ်ပြီးတော့ တိုက်ပွဲဖန်တီးလုပ် ဆောင်သွားမယ်လို့လည်း သိရှိရပါတယ်”ဟု ပြောသည်။

အဆိုပါ စွပ်စွဲပြောဆိုမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်ကို ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးညွန့်လွင်အား ဆက်သွယ် ခဲ့သော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိသည့်အတွက် တစုံတစ်ရာ မသိရှိခဲ့ရပေ။

“ဒီမှာကျတော့ ကောင်းနေပါတယ်။ လောလောဆယ် ကျမ သိရသလောက်တော့ တပ်မတော်က စစ်ရေး ပြင် ဆင်မှု မရှိပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်လာနိုင်မလား မလာ နိုင်ဘူးလားဆိုတာ သူတို့ နှစ်ဖက်အပေါ်မှာ မူတည်တာပေါ့နော် ။ မနေ့ကတော့ တိုင်းမှူး ရောက်လာတယ်လို့ ကြားတယ်။ ကျန်တဲ့အပိုင်းတွေတော့ ကျမ မသိဘူး”ဟု ရှမ်းပြည်နယ် မိုင်းရှူးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းကောင်ခမ်းက ပြောသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မိုင်းရှူးမြို့နယ်အတွင်းရှိ လွယ်နိုင်း-ဝမ်လွယ်ကားလမ်း ဖောက် လုပ်ခြင်း နှင့် ပြုပြင်ရေး ဆောင်ရွက်မည် ဖြစ်သည့်အတွက် အနီးအနားတွင် တပ်စွဲထားသော SSPP ၏ တပ်စခန်း များနှင့် တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လိပ်မှု၍ စာပို့ အသိပေးခဲ့ကြောင်း SSPP ဘက်က ဆိုသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က တောင်ကြီးမြို့ရှိ SSPP ၏ ဆက်ဆံရေးရုံး တာဝန်ခံကို ခေါ်ယူ တွေ့ဆုံကာ အသိပေးခဲ့ကာ တပ်စခန်းများနှင့် တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးရေး ပြောကြားခဲ့သည်ဟု သိရသည်။

SSPP ဘက်မူ မိုင်းရှူးမြို့နယ်အတွင်းရှိ လွယ်နိုင်း-ဝမ်လွယ် ကားလမ်းဖောက်လုပ်ခြင်းနှင့် ပြုပြင် ခြင်းကို အစိုးရ က တာဝန်ယူဆောင်ရွက်ပါက ပြဿနာမရှိနိုင်ကြောင်း၊ တပ်မတော်ပါဝင် ဆောင်ရွက် လာပါက ရှုပ်ထွေးလာနိုင် ကြောင်း၊ မိမိတို့ အနေဖြင့်လည်း တပ်ဖွဲ့ဝင်များ နောက်ဆုတ်မပေးနိုင်ခြင်း ကြောင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်းဆိုသည်။

လွယ်နိုင်း-ဝမ်လွယ် လမ်းပိုင်းအတွင်း၌ SSPP တပ်စခန်းများ ထား၍ စစ်ကြောင်းများ လှုပ်ရှား လျက်ရှိပြီး ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန် ဆက်သွယ်ရေး ပြုပြင်မှုများလည်း ပြုလုပ်လျက်ရှိသည့် အတွက် ဆုတ်ခွာပေးရန် မဖြစ်နိုင် ကြောင်း SSPP ဘက်ဆိုသည်။

အတည်မပြုနိုင်သော သတင်းများအရ ထိုလမ်းပိုင်းအတွင်း SSPP သည် ဂိတ်ကြေးများ ကောက်ခံ နေပြီး လမ်းပေါ်နှင့် လမ်းဘေးအနီး တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည်ဟု ပြောဆိုမှုများ ရှိနေသည်။

SSPP သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး လက်ရှိတွင်လည်း အစိုးရ၊ တပ်မတော်၊ တခြားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း သိရ သည်။

၂၀၁၅ ခုနှစ်၊အောက်တိုဘာလက ရှမ်းပြည်နယ်၊ မိုင်းရှူး၊ ကျေးသီး၊ ဝမ်ဟိုင်း စသည့် SSPP လှုပ်ရှား နယ်မြေများအတွင်း တပ်မတော်နှင့် SSPP တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်ခဲ့ကြရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading