ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နှင့်ဆဒုံးမြို့နယ်ခွဲအကြား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်သားသစ် စုဆောင်းရာတွင် ဖမ်းဆီးခံထားရသူများအနက် ၇ ဦး ထပ်မံ လွတ်မြောက်လာသည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးသူရနောင်က ဧရာဝတီကို ပြောသည်။
ဒုရဲမှူးကြီး မျိုးသူရနောင်က “အောက်တိုဘာလ ၉ ရက်မှာ ၇ယောက် ပြန်လွတ်လာတယ်။ သူတို့ကို ဒီတိုင်း ပြန်လွှတ် ပေးလိုက်တာ ။ အသက်ကြီးလို့ မျက်စိကွယ်လို့ မျက်စိမကောင်းလို့ဆိုပြီး ဒီတိုင်း ပြန်လွှတ်ပေးလိုက်လို့ လွတ်လာတာပါ” ဟု ပြောသည်။
KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ မှ ဝိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့နယ်ခွဲအကြားရှိ ဒေသခံများ၊ ငှက်ပျောခြံလုပ်သားများကို တပ်သားသစ်အဖြစ် အောက်တိုဘာလ ၄ ရက်က ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
KIA၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူကမူ တပ်သားသစ် စုဆောင်းသည့် ကိစ္စမှာ KIA မဖြစ်နိုင်ကြောင်း၊ အောက်ခြေတပ်ရင်းမှလည်း တပ်သားသစ်စုသည်ဟူသည့် သတင်းကို မရကြောင်း ဧရာဝတီကို ငြင်းဆိုထားသည်။
KIA စတင် ဖမ်းဆီးသွားစဉ်က အဖမ်းခံရသည့် အရပ်သားများ၏ နာမည်စာရင်းများကို ကချင်ပြည်နယ် ရဲတပ်ဖွဲ့က စုံစမ်း အတည်ပြုထားရာ စုစုပေါင်း ၅၂ ဦးရှိပြီး ထိုအထဲတွင် ဒေသခံ ဦးရေ ၂၀ ကျော်နှင့် ဒေသအသီးသီးမှ ငှက်ပျောခြံ အလုပ်သမား အဖြစ် လာရောက် အလုပ်လုပ်ကိုင်နေ သူများပါဝင်သည်ဟု သိရသည်။
ငှက်ပျောခြံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသူများမှာ ကချင်ပြည်နယ်တွင်းမှ ကချင်တိုင်းရင်းသား များလည်း ပါသလို ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် အခြားဒေသများမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည်ဟု ဒုရဲမှူးကြီး မျိုးသူရနောင်က ဆိုသည်။
၎င်းက “စဖမ်းတုန်းက ကျနော်တို့ အတည်ပြုလို့ရတာ ၄၇ ဦး၊ ပထမအသုတ် ၈ ဦးလွတ်လာတော့ ကျနော်တို့ စာရင်းမှာ မပါတာ ၃ ဦး၊ အခု ဒုတိယအသုတ် ၇ ဦးလွတ်လာတော့ စာရင်းမှာ မပါတာ ၂ ဦး၊ အဲဒီတော့ ကျနော် တို့ ထပ်အတည်ပြုလို့ရတာ အဖမ်းခံရသူ ၅၂ ဦးဖြစ်သွားတယ်။ ၅၂ ဦးထဲကမှ ၁၅ ဦးကတော့ လွတ်လာပြီ” ဟု ဆိုသည်။
ဒုရဲမှူးကြီး မျိုးသူရနောင်က KIA ဖမ်းဆီးသွားသည့် ဒေသမှာ ရဲတပ်ဖွဲ့မှ လက်လှမ်းမမှီနိုင်သည့် အစိုးရ အုပ်ချုပ်ရေး ယန္တရား လက်လှမ်းမမှီရာ ဒေသများဖြစ်သည်ဟု ဆိုသည်။
KIA က ဖမ်းဆီးသွားသူများအနက် ရှမ်းလူငယ် ၆ ဦးနှင့် တရုတ်ငှက်ပျောခြံ ကုမ္ပဏီမှ တရုတ်နိုင်ငံသား ၂ ဦး စုစုပေါင်း ၈ ဦးကို အောက်တိုဘာလ ၇ ရက်က ပြန်လွှတ်ပေးခဲ့ပြီး အသက်ကြီးပြီး မျက်စိမကောင်းသူ ၇ ဦးကို အောက်တိုဘာလ ၉ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ဆရာတော်က “ရှမ်းကလေး ၆ ဦးကို ပြန်လွှတ်ပေးဖို့ ဘုန်းဘုန်းက ငြိမ်းချမ်းရေးအကျိုးတော် ဆောင်အဖွဲ့ (PCG) ကို အကူအညီတောင်းတော့ ပြန်လွတ်လာတာ။ တရုတ် ၂ ဦးကတော့ သူတို့ ကုမ္ပဏီက အာမခံတော့ ပြန်လွတ်လာတာပါ”ဟု ပြောသည်။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာက KIA အနေဖြင့် တပ်သားသစ်စုဆောင်း ရာတွင် ဖမ်းဆီးပြီး ချက်ချင်းစုဆောင်းလိုက်ခြင်း မဟုတ်ကြောင်း၊ ဖမ်းဆီးထားသူများကို ကျန်းမာရေး ကောင်း/မကောင်း၊ အသက် ပြည့်/မပြည့် စစ်ဆေးပြီး မပြည့်စုံပါက ပြန်လွှတ်ပေးကြောင်း၊ အချက်အလက် ပြည့်စုံပါကလည်း မိသားစု၌ တဦးတည်းသော သားဖြစ်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်မည် ဆိုပါက ပြန်လွှတ်ပေးသည်ဟု ဧရာဝတီကို အောက်တိုဘာလ ၉ ရက်က ပြောဆိုထားသည်။
KIA သည် အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တခု ဖြစ်ပြီး ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၆ နှစ်တာ ရှိပြီဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်- KIA စစ်သားစုဆောင်းခံရသူ အချို့ ပြန်လွတ်လာသော်လည်း အများစု သတင်းပျောက်နေဆဲ