သတင်း

ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်မည်

ကုလသမဂ္ဂ၏ နိုင်ငံရေးဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် ဂျက်ဖရီ ဖဲ့လ်တမင် (Jeffrey Feltman) သည် ရခိုင်ပြည်နယ်မှ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရန် အတွက် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်ဆင်ရေးများနှင့် အကြမ်းဖက်မှုများ ရပ်စဲရေး၊ လူသားချင်း စာနာမှုအကူအညီများ အနှောင်အဖွဲ့ကင်းစွာ ပေးပို့ခွင့်ရရေး၊ ဒုက္ခသည်များ ၎င်းတို့၏ ဆန္ဒ အလျောက် ဘေးကင်းသိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရေး တို့အတွက် အထွေထွေ အတွင်းရေးမှူးချုပ်၏ အကြိမ်ကြိမ် တောင်းဆိုမှုများ အပြီးတွင် မစ္စတာဖဲ့လ်တမင်သည် လတ်တလော ဖြစ်ပွားနေသော ပြဿနာများကို မြန်မာနိုင်ငံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်မည် ဖြစ်သည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ရက် ကြာမြင့်မည့် အဆိုပါ ခရီးစဉ်အသေးစိတ်နှင့် အစည်းအဝေးများကို ကြေညာခြင်း မရှိသေးသော်လည်း ဆွေးနွေးမည့် အကြောင်းအရာများ သည် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားမည် ဟု နားလည်ရကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

သူ၏ ခရီးစဉ်သည် ကုလသမဂ္ဂ၏ ဌာနေလူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး ရီနာတာ လော့ ဒက်ဆဲလ်လီယန်(Renata Lok-Dessallien) ကို နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်သို့ ပြန်လည် ခေါ်ယူချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ရီနာတာ လော့ ဒက်ဆဲလ်လီယန်၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်များသည် အောက်တိုဘာ လကုန်တွင် ပြီးဆုံးမည် ဟု ဗုဒ္ဓဟူးနေ့က ကြေညာသည်။

“ကုလသမဂ္ဂ၏ ဌာနေ လူသားချင်း စာနာမှုညှိနှိုင်းရေးမှူးသည် ယခုလကုန်အထိ တာဝန်ထမ်းဆောင်မည့် ကျန် အချိန်များတွင် မြန်မာနိုင်ငံမှ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုမည့် ကုလသမဂတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ရီနာတာ လော့ ဒက်ဆဲလ်လီယန် ကို ကုလသမဂ ရုံးချုပ်သို့ ပြန်လည်ခေါ်ယူမည့် သတင်းများသည် ဇွန်လကပင် ထွက်ပေါ်နေခဲ့သည်။

BBC သတင်းတပုဒ်၏ အဆိုအရ သူမသည် ကုလသမဂ္ဂအတွင်းတွင် ပြစ်တင်ဝေဖန်ခံနေရပြီး ရိုဟင်ဂျာ ဆိုသူများနှင့် ဆက်စပ်သော ပြဿနာများနှင့် ပတ်သက်သည့် ဌာနတွင်း ဆွေးနွေးမှုများကို တားဆီးသည် ဟုလည်း စွပ်စွဲခံခဲ့ရသည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး ပြောခွင့်ရသူက ထိုသတင်းကို ဝေဖန်ပြောကြားရန် ငြင်းဆန်သည်။

ကနေဒါနိုင်ငံသူ ရီနာတာ လော့ ဒက်ဆဲလ်လီယမ်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုရာထူးကို ထမ်းဆောင်ခွင့်ရသော ပထမဆုံး အမျိုးသမီး ဖြစ်သည်။ သူမသည် ယခင်က ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများတွင် ကုလသမဂ္ဂ၏ ဌာနေလူသားချင်း စာနာမှုညှိနှိုင်းရေးမှူး အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ဇာနည်မာန်၏ UN Political Affairs Chief to Visit Myanmar ကို ဘာသာပြန်သည်။)

Loading