အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိများ၊ ရိုဟင်ဂျာဆိုသူများ၏ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အမေရိကန်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကုလသမဂ္ဂကြီးကြပ်သော ခွဲခြားဆက်ဆံမှုကင်းသော ဘေးကင်းဇုန်၊ တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် ဒေသတွင်း လူသားချင်းစာနာမှု အကျပ်အတည်း အဖြေရှာရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေး တက်ရောက်သူများအနက် တဦးဖြစ်သူ ဒေါက်တာ ဝါကာအူဒင်က ဓာတ်ပုံ ၂ ပုံနှင့် အစည်းအဝေး မှတ်တမ်း အကျဉ်းချုပ်ကို သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့သည်။ ဝါကာအူဒင်သည် အာရကန် (ရခိုင်) ရိုဟင်ဂျာသမဂ္ဂ ARU ၏ ညွှန် ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူထားသည်။ ထိုအဖွဲ့သည် ကမ္ဘာအရပ်ရပ်မှ ရိုဟင်ဂျာဆိုသူတို့၏ အဖွဲ့အစည်း ဒါဇင်ပေါင်း များစွာကို ကိုယ်စားပြုသောအဖွဲ့ချုပ် ဖြစ်သည်။
ရိုဟင်ဂျာ နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့အစည်း (ICR) သည်လည်း အစည်းအဝေး တက်ရောက်သူများတွင် ပါဝင်ပြီး ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် အရှေ့တောင်အာရှရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ အပါအဝင် အမေရိကန်အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့တပ်မတော်ခေါင်းဆောင်များကို စီးပွားရေးပိတ်ဆို့အရေးယူရန် ဆွေးနွေး ခဲ့ကြကြောင်း ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် လွှင့်တင်ထားသည်။
လွန်ခဲ့သောလနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ခဲ့သော မာဖီသည် ရခိုင်အကျပ်အတည်းကို ဖြေရှင်းရန် အခြားသော အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အရေးယူပိတ်ဆို့မှုအပါအဝင် အကြောင်းအရာ အားလုံးကို ထည့်သွင်းစဉ်းစားလျက်ရှိသည်ဟု မာဖီက ပြောကြောင်း ICR ၏ စာတွင် ဖော်ပြထားသည်။
ဝါကာအူဒင်၏ ရေးသားဖော်ပြချက်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ဘတ်စီ၊ ICR မှ ဆိုင်မွန်ဘီလန်းနက်စ်၊ ဒီမိုကရေစီဆိုင်ရာ ထောက်ပံ့ရေးအမျိုးသားအဖွဲ့ NED မှ ဂျွန်ကနော့စ်၊ ဇကက်ဖောင်ဒေးရှင်းမှ ခီဒစ်ဂျာ အူဟက်ဘ်၊ Save the Children မှ ကက်သရင်း စတစ်ဖ်ဖိုလင်နို၊ American Jewish World Service မှ ရွန်နိတ်အဆာဝသန်တို့လည်း တနာရီကျော် ကြာမြင့်သည့် ဝါရှင်တန်အစည်းအ ဝေးသို့ တက်ရောက်ခဲ့ကြသည်။
ဝါကာအူဒင် ဖော်ပြထားသည့် တက်ရောက်သူများ စာရင်းအရဆိုလျှင် မြန်မာအဖွဲ့အစည်းများကို ကိုယ်စားပြု တက်ရောက်ခဲ့သူ တဦးမျှ မပါဝင်ပါ။
အစည်းအဝေးတွင် ဆွေးနွေးသော အကြောင်းအရာများတွင် သြဂုတ်လ ၂၅ ရက်နေ့တွင် အာဆာ (ARSA) က ရဲစခန်း ၃၀ ကို တိုက်ခိုက်မှုအပြီး တပ်မတော်စစ်ဆင်ရေးများကြောင့် ထွက်ပြေးသူ မွတ်စလင် ၅ သိန်းနှင့် ဟိန္ဒူ အနည်းငယ်ကို ပြန် လည်ခေါ်ဆောင်ရေး အပါအဝင် ပြဿနာများ ပါဝင်သည်။
ရခိုင်ပြည်နယ်မှ လုံခြုံရေးတပ်များနှင့် အရပ်သားများက မွတ်စလင်များအပေါ် ဖိနှိပ်မှုရပ်တန့်စေရန် အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းသည့်အကြောင်းအရာနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ရခိုင်ပြည်နည်ဆိုင်ရာ အကြံပေး အစီရင်ခံစာ အကောင်အထည်ဖော်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ဝါကာအူဒင်က ရေး သားထားသည်။
ဝါကာအူဒင်နှင့် ပက်ထရစ် မာဖီ၊ အခြားအမေရိကန်အရာရှိတို့ တွေ့ဆုံမှုသည် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ရခိုင်မြောက်ပိုင်းတွင် ဩဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှု မဖြစ်ခင်ကလည်း တွေ့ဆုံခဲ့သေးသည်။
ဝါကာအူဒင်သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မွေးဖွားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သော နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ၁၉၇၀ ခုနှစ်များတွင် မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာ သွားခဲ့သည်။ အမေရိကန်တွင် ပါရဂူဘွဲ့ရပြီးနောက် ယခု ပင်ဆယ်လ်ဘေးနီးယားပြည်နယ် တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဝါကာအူဒင်သည် မြောက်အမေရိက မြန်မာရိုဟင်ဂျာအသင်း BRANA ကို တည်ထောင်သူလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလတွင် ဆော်ဒီအာရေးဗီးယား အခြေစိုက် နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ OIC ၏ ဌာနချုပ်တွင် ကျင်းပခဲ့သည့် ရိုဟင်ဂျာအခွင့်အရေး ရရှိရေးဆိုင်ရာ ညီလာခံ တက်ရောက်ခဲ့ပြီးနောက် ARU ကို ထူထောင်ခဲ့သည်။
ARU ၏ ဦးတည်ချက် ကြေညာစာတမ်းတွင်မူ “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းမှ ခွဲမထွက်ရေး ငြိမ်း ချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်စနစ်အရေး အခြေခံမူများပေါ်မူတည်၍ ဖွဲ့စည်းခြင်း” ဖြစ်ကြောင်း ဖော်ပြထားသည်။
ARU သည် (မြန်မာပြည်သူအများစု ကန့်ကွက်ထားသော အသုံးအနှုန်းဖြစ်သော) “ရိုဟင်ဂျာ တိုင်းရင်းသားများ” ရင်ဆိုင်ရသော ပြဿနာများကို နိုင်ငံရေးအရ အဖြေရှာရန် ကြိုးစားကြောင်း ၎င်းတို့၏ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
ယင်းစာတမ်းတွင် ဆက်လက် ဖော်ပြထားသည်မှာ “နိုင်ငံသားဖြစ်ခွင့် ပြန်လည်တောင်းခံရန်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေးများကို ပြန်လည်တောင်းဆိုရန် ထိုအဖွဲ့ကို ဖွဲ့စည်းသည်” ဟုလည်း ဆိုထားသည်။
ဝါကာအူဒင်သည် ပြီးခဲ့သည့်နှစ်ပေါင်းများစွာကတည်းက နိုင်ငံတကာ အဖွဲ့အစည်းအများအပြားနှင့်သာမက အနောက် တိုင်းအဆင့်မြင့် အရာရှိကြီးများ၊ သံတမန်များနှင့်လည်း ရင်းနှီးကျွမ်းဝင်သူတဦးဖြစ်သည်။
ယခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်၊ ပက် ထရစ်မာဖီ၊ ကမ္ဘာ့အစ္စလာမ်ခေါင်းဆောင်များ (OIC)၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူ ယန် ဟီလီ၊ တူရကီသမ္မတ ရီဆက်တေးရစ် အာဒိုဂမ်နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့်လည်း သိကျွမ်းသည်။
သူ၏လှုပ်ရှားမှုများကို ဖေ့စ်ဘွတ်နှင့်တွစ်တာတွင် မကြာခဏတင်လေ့ရှိပြီး ယခုနှစ် အစောပိုင်းက ကျင်းပခဲ့သော ကုလသ မဂ္ဂအထွေထွေညီလာခံသို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။
ဝါကာအူဒင်သည် အငြင်းပွားဖွယ်ရာ အသုံးအနှုန်းများဖြစ်သည့် “လူမျိုးတုန်း သတ်ဖြတ်မှု” “မျိုးဖြုတ် သတ်ဖြတ်မှု” တို့ကို မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း ကျူးလွန်ခဲ့ကြောင်း မီဒီယာများသို့ ပြောဆိုရန် ဝန်လေး တတ်သူ မဟုတ်ပေ။
“ရိုဟင်ဂျာ တိုင်းရင်းသား” ဟူသောစကားကို ပြောရုံသာမက နိုင်ငံတကာဇာတ်ခုံတွင် ရိုဟင်ဂျာဆိုသူများကို “မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသား” စသော အသုံးအနှုန်းကို ရံဖန်ရံခါ သုံးတတ်သူ ဖြစ်သည်။
ရိုဟင်ဂျာဆိုသူများ အကျပ်အတည်းဖြစ်တိုင်း ကုလသမဂ္ဂ၊ OIC နှင့်အခြားသော မဟာအင်အားကြီးနိုင်ငံများကြား ဝင်စွက် ဖက်ရန် တောင်းဆိုသူလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စစ်သွေးကြွတိုက်ခိုက်မှုအပြီး ၂ ပတ်အကြာ စက်တင်ဘာ ၁၀ ရက်နေ့တွင် အယ်ဂျာဇီးယားသတင်းဌာ နနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဝါကာအူဒင်က မွတ်စလင်ကမ္ဘာအနေဖြင့် တညီတညွတ်တည်း ရှေ့ထွက်ပြီး ရိုဟင်ဂျာဆိုသူများ၏ အကျပ်အတည်းကို မားမားမတ်မတ် ရပ်တည်သင့်ကြောင်း၊ အနောက်တိုင်းနိုင်ငံများ အပါအဝင် နိုင်ငံ တကာအသိုင်းအဝန်းအနေဖြင့် ခိုင်မာသော မဟာမိတ်အဖွဲ့ ဖွဲ့ရန် လိုကြောင်းလည်း ပြောသည်။
“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှု (မြန်မာစစ်တပ်) လျှော့ချဖို့အတွက် ကုလသမဂ္ဂအနေနဲ့ လက်ဘနွန်တို့ အာဖရိကတို့ကို ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ခဲ့သလိုမျိုး လုပ်သင့်တယ်။ ပြီးရင် OIC နိုင်ငံတွေအနေနဲ့ ဥပမာ ပါကစ္စတန် ဆော်ဒီအာရေးဘီယားတို့အနေနဲ့လည်း တရုတ်နဲ့ ရုရှားလို နိုင်ငံတွေကို ကုလသမ္မက လုံခြုံရေးကောင်စီမှာ တားဆီးမှုတွေ မလုပ်ဖို့ ပြောသင့်တယ်” ဟု ပြောခဲ့သည်။
ယခု သတင်းရေးသားပြီးချိန်ထိ ဝါကာအူဒင်၏ မှတ်ချက် ရယူနိုင်ခဲ့ခြင်းမရှိပါ။
ဆက်စပ်ဖတ်ရှုရန် – ဒေါက်တာဝါကာအူဒင် ဘယ်သူလဲ