သတင်း

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်ရောက်နိုင်

Want create site? Find Free WordPress Themes and plugins.

လာမည့် ၃ ရက်အတွင်းတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်သောကြောင့် မြန်မာနိုင်ငံ ဒေသတချို့ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး မုန်တိုင်းငယ် အဆင့်သို့ရောက်ကာ အိန္ဒိယကမ်းရိုးတန်းကို အောက်တိုဘာလ ၂၀ ရက်နေ့ဝန်းကျင်တွင် ဖြတ်ကျော်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။

မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “နောက် ၇၂ နာရီအတွင်းမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတခုဖြစ်နိုင်တယ်။ လေဖိအားနည်း ရပ်ဝန်းဟာ ပိုအားကောင်းလာမယ့် အနေအထားရှိပါတယ်။ ပြီးသွားရင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကနေ မြောက်ပိုင်း တည့်တည့်ကို ဦးတည်ပြီးတော့ အိန္ဒိယကမ်းရိုးတန်းကို ၂၀ ၊ ၂၁ ပတ်ဝန်းကျင်လောက်မှာ ဝင်သွားနိုင်မယ့် အနေအထားရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လေဖိအားနည်း ရပ်ဝန်းဖြစ်ကာ မုန်တိုင်းငယ် ဖြစ်လာပါက မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် မိုးများနိုင်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်၍ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပြီး အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အောက်တိုဘာ ၂၀ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

“လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းအဖြစ်ကို ရောက်လာခဲ့တဲ့အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ရောက်ရှိနေတဲ့ အနောက်တောင်မုတ်သုံလေဟာ ပြန်လည်အားပျိုး(revival of monsoon) စေမှာဖြစ်ပါတယ်။ ဒါကြောင့် မုတ်သုံလေဟာ မြန်မာ့ကမ်းရိုးတလျှောက်ပြန်လည် မြင့်တက်လာမှာဖြစ်ပြီး မြန်မာနိုင်ငံကမ်းရိုးတလျှောက်မှာ မုတ်သုံဆန်သောရာသီဥတု (Monsoonish weather) ကို ပြန်ဖြစ်လာစေမှာ ဖြစ်ပါတယ်” ဟုဒေါက်တာထွန်းလွင် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုအောက်တိုဘာလသည် မုန်တိုင်းရာသီကာလဖြစ်ပြီး အဆိုပါမုန်တိုင်းများသည် မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံများသို့ ဝင်ရောက်တတ်သဖြင့် လေဖိအားနည်းရပ်ဝန်းဖြစ်ကာစမှာပင် သတိထားရန် လိုအပ်ကြောင်း မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်လိုက်သည့် မိုးလေဝသသတင်း အရ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading