ရိုဟင်ဂျာ ဆိုသူ ဘင်္ဂလီများကို သိန်းချီ ထွက်ပြေးစေသော စစ်ဆင်ရေးများကြောင့် မြန်မာနိုင်ငံအား ဒေါ်လာသန်း ၂၀၀ ထုတ်ချေးမည့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့်အပတ်က ကြေညာသည်။
ဒီမိုကရေစီ တည်ဆောက်ရေး ဆောင်ရွက်နေသည့် မြန်မာအစိုးရအား ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် သြဂုတ်လ အထိ ချေးငွေများ ထုတ်ချေးနေခဲ့ပြီး ယင်းသို့ ထုတ်ချေးခြင်းမှာ ဘဏ္ဍာရေး တိုက်ရိုက် ထောက်ပံ့နေခြင်းလည်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ကျေးလက်လမ်းများနှင့် တိုင်းရင်းသား လူမျိုးအားလုံးနှင့် ဘာသာအားလုံးတို့အား ရခိုင်ပြည်နယ် အပါအဝင် ထောက်ပံ့မှုများ ပေးလျက် ရှိကြောင်း ကမ္ဘာ့ဘဏ်ကြေညာချက်က ဆိုသည်။
ယင်းသို့ မြန်မာအစိုးရအား ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးယန္တရားတို့ အတွက် ပေးအပ်သည့် ကမ္ဘာ့ဘဏ်ချေးငွေကို အချိန် အကန့်အသတ် မရှိ ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးရေး မူဝါဒအရ ချေးငွေကို လက်ခံနိုင်သည့် ပမာဏအတိုင်း အတည်ပြုပေးခဲ့ပြီး နောက်ထပ် တိုးတက် ဖြစ်ပေါ်မှုများ အတွက် လိုအပ်သော နေရာများ၌ ထိထိရောက်ရောက် သုံးစွဲရေး ရည်ရွယ်လျက် မကြာသေးမီက ပေးအပ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။
“နောက်ထပ် တိုးတက်ဖြစ်ပေါ်မှုများ” ဆိုသည့်စကားရပ်နှင့် ပတ်သက်ပြီး အတိအကျ မသတ်မှတ်သော်လည်း ရရှိသည့် ချေးငွေပမာဏအပေါ် မူတည်ပြီး အစိုးရက လက်တွေ့အကောင်အထည် ဖော်ပြရမည် ဖြစ်သည်။
မကြာသေးမီ သီတင်းပတ်များက ရိုဟင်ဂျာ ဆိုသူ ဘင်္ဂလီများကို မြန်မာအစိုးရက နှိပ်ကွပ်ခဲ့ခြင်းသည် ကမ္ဘာ့ဘဏ် ရည်ရွယ်ချက်များနှင့် လွဲချော်ပြီး ဘဏ်နှင့် ရှယ်ယာရှင်များက ဝေဖန်ထောက်ပြစရာ အဖြစ် ရှုမြင်သုံးသပ်ကြောင်း၊ ရိုဟင်ဂျာ စစ်သွေးကြွများက ပြီးခဲ့သည့် သြဂုတ်လက လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က အရပ်သားများအား နိုင့်ထက်စီးနင်း ပြုခဲ့ကြောင်း၊ ယင်းနောက် လူသားချင်း စာနာထောက်ထားမှု အတွက် အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး ဒုက္ခသည် ၅ သိန်းခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရကြောင်း ကမ္ဘာ့ဘဏ် ကြေညာချက်က ဆက်လက်ဖော်ပြသည်။
“လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းမှာ အစိုးရဟာ အပြစ်ရှိတယ် လို့ ကျနော်တို့ ယူဆတဲ့ အတွက် အထောက်အပံ့ ပေးနေဆဲ ကမ္ဘာ့ဘဏ် အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ရခြင်း ဖြစ်ပါတယ်” ဟု ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးစင်တာမှ အကြီးတန်းအရာရှိ စကော့မောရစ်က ကမ္ဘာ့ဘဏ် ကြေညာချက်နှင့် ပတ်သက်ပြီး ပြောဆိုကြောင်း ဘရပ်ဆဲလ်မှ လာသော သတင်းတပုဒ်က ဆိုသည်။
ပြီးခဲ့သည့်လ ကလည်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ကြေညာချက် တခု ထုတ်ပြန်ခဲ့ပြီး စစ်တပ်က ဘင်္ဂလီများ အပေါ် နှိပ်ကွပ်နေကြောင်း ဖော်ပြခဲ့သည်။
“နိုင်ငံတကာ အသိုင်းအဝိုင်း ကဲ့သို့ပင် ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံမှ ပြည်သူ အားလုံးကို အကာအကွယ်ပေးဖို့ အာဏာပိုင်များကို တိုက်တွန်းလိုက်ကြောင်း၊ ရခိုင်ပြည်နယ် အကျပ်အတည်းတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများ ကဏ္ဍစုံတွင် ဆောင်ရွက်ရန် ဖြစ်ကြောင်း” ယင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
မောရစ်၏ အမြင်တွင် ကမ္ဘာ့ဘဏ်၏ အာမခံချက် အရ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့် သဘာဝဘေး ပြန်လည် ထူထောင်ရေး စသည်တို့တွင် သုံးစွဲရန် ရည်ရွယ်ထားသော ချေးငွေများ ဖြစ်ပါလျက် လူနည်းစုများ အပေါ် ဖိနှိပ် တိုက်ခိုက်ခြင်းသည် အစိုးရတွင် တာဝန်ရှိပြီး အပြစ်မကင်း ဟု ယူဆကြောင်း သိရသည်။
ဒေါ်လာသန်း ၂၀၀ ထုတ်ချေးရန် ဆိုင်းငံ့ထားခြင်း ကို ဘဏ်၏ ရှယ်ယာဝင်များက မြန်မာအစိုးရ အပေါ် ဖိအားပေးရန် မလိုအပ်တော့သည့် ကာလအထိ ဆက်လက် ဆိုင်းငံ့ထားမည် ဟု သိရသည်။