ပြည်သူလူထု အကြား ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုများကို ပိုမို သတိပြုလာစေရန်နှင့် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လာရန်အတွက် ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဒီဇင်ဘာလ အတွင်း ကျင်းပပြုလုပ်သွားမည်ဟု ပြိုင်ပွဲကျင်းပရေး အဖွဲ့ထံက သိရသည်။
အဆိုပါ ပြိုင်ပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်း၌ ဒီဇင်ဘာ၂ ရက်နှင့် ၃ ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြုလုပ်မည့် ပြိုင်ပွဲကို ပြည်သူ့ဥယျာဉ်၌ ဒီဇင်ဘာ ၁၅ နှင့် ၁၆ ရက်များတွင် ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ့ရိုးရာ အနုပညာလုပ်ငန်းများမှတဆင့် ရိုးရာ အမွေအနှစ်ဖြစ်သည့် သံချပ်အနုပညာရပ်အား တဖက်တလမ်းမှ ပံ့ပိုးပေးရန် အဓိက ရည်ရွယ်ကြောင်း သိရသည်။
“ဖဲကြိုးဖြုသင်္ကေတဟာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေကို ဆန့်ကျင်ခြင်းရဲ့သင်္ကေတ တခုပါ။ ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲကနေ မြန်မာနိုင်ငံသာမက ကမ္ဘာတဝှမ်းမှာ တွေ့ကြုံနေရတဲ့ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု တွေကို အာရုံစိုက်လာစေဖို့ ထာဝရ ဖဲကြိုးဖြူဆိုတဲ့ အတိုင်း ကျား၊ မရေးရာ အခြေပြု အကြမ်းဖက်မှု တွေကို ပပျောက်သွား စေဖို့အထိ ထာဝရ ဆန့်ကျင်သွားမယ်ဆိုတာကို သံချပ်ပြိုင်ပွဲ ကတဆင့် နှိုးဆော်ပေးခြင်းလည်းဖြစ်ပါတယ်”ဟု ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။
ထာဝရ ဖဲကြိုးဖြူသံချပ်ပြိုင်ပွဲကို မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး၏ လမ်းညွှန်မှုဖြင့် ကျား၊ မ ရေးရာ တန်းတူ ညီမျှရေးကွန်ရက်၏ ၁၆ ရက်တာ လှုပ်ရှားမှုလုပ်ငန်းအဖွဲ့မှ ကျင်းပခြင်းဖြစ်ပြီး ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်အပါအဝင် အမျိုးသမီးအခွင့်အရေးများ၊ လူ့အခွင့်အရေးများအတွက် လှုပ်ရှားနေကြသည့် NGO အဖွဲ့ပေါင်း ၃၇ ဖွဲ့ ပူးပေါင်းပါဝင်ကြောင်း သိရသည်။
၁၆ ရက်တာ လှုပ်ရှားမှုဆိုသည်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်း ဖက်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဆိုသည်ကို လူအများသိစေရန် ပညာပေးလှုံ့ဆော်သော လှုပ်ရှားမှု တခုဖြစ်ပြီး တကမ္ဘာလုံး၌ နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပလေ့ရှိသည်။
ဟာသသရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာက “သံချပ်ဆိုတာက မြန်မာတွေရဲ့ အနုပညာရပ်တခုလည်း ဖြစ်တယ်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားခြင်းအားဖြင့် နိုင်ငံရဲ့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးထောက်ပံ့နိုင်တဲ့ အပြင် ဒီနေ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပြီး တနိုင်ငံလုံး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားသွား ကြရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းအတွက် သံချပ်အနုပညာနဲ့ ပြည်သူတွေသိအောင် မီးမောင်းထိုးပြပေးတဲ့ သဘောပါပဲ”ဟု ပြောသည်။
ထာဝရဖဲကြိုးဖြူသံချပ်ပြိုင်ပွဲအတွက် အသက်အရွယ်၊ ကျား၊မ၊ ပညာအရည်အချင်း ကန့်သတ်ချက်များမရှိဘဲ မည်သူမဆို အားလုံးပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ မသန်စွမ်းသူများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ လျှောက်ထားသည့်အဖွဲ့များထဲမှ တမြို့လျှင် ၁၀ ဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်ပြီး အဖွဲ့တဖွဲ့လျှင် ၁၀ ဦးမှ ၁၅ ဦးအထိ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ရွေးချယ်ခံရသောအဖွဲ့များအား တဖွဲ့လျှင် ပြင်ဆင်စရိတ်အဖြစ် ငွေကျပ် သုံးသိန်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအဖြစ် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးမှ တာဝန်ရှိ သူများ၊ ဦးမေတ္တာ၊ ဦးအရိုင်းနှင့် အခြားသံချပ်ပညာရှင်များ၊ ကျား မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများမှ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆုရရှိသည့် အဖွဲ့များကို ပထမဆု ကျပ် သိန်း ၂၀၊ ဒုတိယဆု ၁၅ သိန်းနှင့် တတိယဆု ကျပ် ၁၀ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။