ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ကြား ကျန်ရှိနေသော အဆိုပြုချက်များ အပေါ် ညှိနှိုင်းမည့် ဆွေးနွေးပွဲ စတင်ရန် ရက် မသတ်မှတ် နိုင်သေး ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းတွင် UNFC ၏ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စား လှယ် အဖွဲ့ (DPN) နှင့် PC တို့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပရန် ညှိနှိုင်းထားကြသော်လည်း ရက် မသတ်မှတ် နိုင်သေးကြောင်း DPN မှ ဦးထွန်းဇော်က ပြောသည်။
DPN ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က “လောလောဆယ် ရက်မသိရသေးဘူးဗျ။ တရားဝင် ရက်ချိန်း မရသေးဘူး။ ကျနော်တို့ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဒီလ ၁၅ ရက်နေ့ နောက်ပိုင်းမှာမှ သူတို့ ရက်ချိန်း ပေးနိုင်မယ်လို့ ပြောပါတယ်။ အခုထိတော့ သူတို့ ရက်ချိန်း မပေးလာသေးဘူး”ဟု ပြောပြသည်။
၂၀၁၇ ခုနှစ် သြဂုတ် ၁၀ ရက်မှ ၁၁ ရက်ထိ ကျင်းပခဲ့သော ၆ ကြိမ်မြောက် ဆွေးနွေးပွဲတွင် UNFC မှ တင်ပြ ထား သော အချက် ၈ ချက်အနက် ၁ မှ ၄ အထိ သဘောတူညီချက် ရယူခဲ့ကြပြီး ကျန် အချက်များကို ၇ ကြိမ်မြောက် ဆွေးနွေးပွဲတွင် ညှိနှိုင်း ဆွေးနွေးရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။
UNFC မှ အဆိုပြုချက် ၈ ချက်အနက် ကျန် အချက် ၅ မှ ၈ ဖြစ်သော တပ်နေရာချ ထားရေး၊ JMC တွင် နှစ်ဖက် ကိုယ် စား လှယ် များက လက်ခံသော နိုင်ငံတကာ အစိုးရ အဖွဲ့ဝင်များ ပါဝင်ခွင့် ပြုရေး၊ NCA စာချုပ်ပါ သဘောတူညီချက် နှင့် စည်းမျဉ်း စည်းကမ်းများအပေါ် မကျေလည်မှု ပေါ်ပေါက်ပါက နှစ်ဖက် သဘောတူညီသော နိုင်ငံတကာနှင့် ပြည်တွင်း မှ ဥပဒေ ပညာရှင်များ၊ တရားသူကြီးများ ပါဝင်သော ကော်မရှင်က ဆုံးဖြတ်ပေးရန်၊ အပစ်ရပ် ဒေသ အတွင်း ဒေသခံပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု ကြီး မားသော စီမံကိန်းများ ဖော်ဆောင်ပါက EITI ၏ လုပ်ထုံး လုပ်နည်းဖြင့် အညီဆောင်ရွက်ရန် တို့ကို ၇ ကြိမ်မြောက် ဆွေးနွေးပွဲတွင် ဆွေးနွေး အတည်ပြုနိုင်မည် ဟု နှစ်ဖက် ကိုယ်စားလှယ်များက ယုံကြည်ထားကြကြောင်း သိရသည်။
“အစိုးရဘက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တင်ပြလာတဲ့ ၈ ချက်လုံးကို နှစ်ဖက် အခြေခံအရတော့ NCA လမ်းကြောင်း အတိုင်း သွားမယ်ပေါ့ဗျာ။ NCA လမ်းကြောင်းအတိုင်း သွားမယ် ဆိုတာကတော့ အဖွဲ့တွေ အားလုံး လက်ခံ ထားပြီးသား ဖြစ်ပါတယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးအောင်စိုးက ပြောသည်။
၇ ကြိမ်မြောက် ဆွေးနွေးပွဲအား စက်တင်ဘာလအတွင်း ကျင်းပရန် ပဏာမ သဘောတူညီခဲ့ သော်လည်း PC မှ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်း ကျန်းမာရေး မကောင်းမွန်ခြင်းနှင့် UNFC မှ အစည်းအဝေးများ ကျင်းပ နေရခြင်းကြောင့် တွေ့ဆုံမှု မဖြစ်မြောက်ခဲ့ပေ။
ထို့နောက် PC အဖွဲ့ဝင်တချို့ ထိုင်းနိုင်ငံ ချင်းမိုင်သို့ စက်တင်ဘာလ အတွင်းက သွားရောက်၍ DPN ကိုယ်စားလှယ် များ အား အလွတ်သဘော တွေ့ဆုံကာ အောက်တိုဘာ ၁၅ ရက်နေ့ နောက်ပိုင်း ၇ ကြိမ်မြောက် ဆွေးနွေးပွဲ စတင်ရန် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။
DPN နှင့် PC တို့၏ (၇) ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အစိုးရဘက်မှ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဒေါက်တာ တင်မျိုးဝင်း ကျန်းမာရေး အခြေအနေ ဖြစ်ပေါ်သွားခြင်းနှင့် တခြားသော ဆွေးနွေးမှုများ ပြုလုပ်နေရခြင်း ကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ပြောသည်။
အချက် ၈ ချက်ကို အစိုးရဘက်မှ လက်ခံ သဘောတူပါက တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အား UNFC က လက်မှတ် ထိုးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
UNFC တွင် မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရခိုင်အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ပါဝင်ကြသည်။