နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ဂရုစိုက်ရန် တပ်မတော် ခေါင်းဆောင်များက လွန်ခဲ့သည့် သြဂုတ်လကတည်းက သတိပေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း အနေအထိုင် အသွားအလာများကို ဆင်ဆင်ခြင်ခြင် သတိရှိရှိ ထားမည်ဖြစ်သည်ဟု အကြောင်းပြန်ထားကြောင်း သတင်းရရှိသည်။
“ကျနော်တို့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို သတိထားရမှာ။ တပ်ကလည်း ဒေါ်စု လုံခြုံရေးအတွက် အများကြီး သတိပေးပါတယ်။ ဒေါ်စုကလည်း တပ်ကို ဆင်ဆင်ခြင်ခြင်နဲ့ သတိရှိရှိ သွားလာမယ်လို့ အကြောင်းပြန်ထားတယ်။ ဒါက ကျနော်သိတဲ့အပိုင်းပေါ့”ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ညနေပိုင်းက နေပြည်တော်လေဆိပ်တွင် ယခင် အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အခြား အမျိုးသား ၂ ဦးကို တရားမဝင် လက်နက်များ ကိုင်ဆောင် မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ရပြီးနောက် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်များ၏ လုံခြုံရေးကို ပြည်သူများ စိတ်ပူပန်မှုများ ထွက်ပေါ်ခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်းနှင့် အခြားသူ နှစ်ဦးသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာမည့် UB-142/ ATR – 72/XYAJZ ဖြင့် လိုက်ပါရန် ခရီးဆောင်အိတ်များကို လေဆိပ် X-ray စက်တွင် ဖြတ်၍ စစ်ဆေးခံယူစဉ် ပစ္စတို သေနတ် ၂ လက်နှင့် ကျည်ဆံများအပြင် ဖြိုးကိုကိုတင့်ဆန်း၏ ပြောက်ကျား ကျောပိုးအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား(၁၂)ပြား၊ ICE(၁.၅)ဂရမ်၊ တွေ့ရှိခဲ့ပြီးနောက် ၎င်းပိုင်ဆိုင်သည့် ACE ဟိုတယ်သို့ ဆက်လက်ရှာဖွေရာ သေနတ်အတို ၆ လက်၊ စုစုပေါင်း သေနတ် ၈ လက်နှင့် ကျည်ဆန် ရာပေါင်းများစွာ ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ လက်နက်များဖမ်းဆီးရမိခဲ့သော်လည်း လွန်ခဲ့သည် ၉နာရီခန့်က ရေးသားထားသည့် ပြည်ထဲရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ရေး Facebook စာမျက်နှာတွင်မူ မယ(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းသာရေးသားထားသည်။
လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးခင်မောင်ဝင်းက “တပ်မတော် အရာရှိတွေ ကျနော်တို့ ကော်မတီအဖွဲမှာ ရှိတာကိုး၊ သူတို့ကလည်း ပြောပြတယ်။ တပ်မတော်က သူ့လုံခြုံရေးအတွက် သတိပေးပါတယ်။ ဒေါ်စုကလည်း လိုက်နာပါ့မယ်လို့ ဆင်ဆင်ခြင်ခြင် သွားဖို့လာဖို့ သဘောတူတယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်ဆုံး အစိုးရ အရာရှိတဦး ဖြစ်သူ ဦးဇော်ဌေးကမူ ၂၀၁၆ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ခြိမ်းခြောက်ခံရစဉ်ကတည်းပင် သူမ၏ လုံခြုံရေးကို အလွန်တင်းကျပ်စွာ ပြုလုပ်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
“သူ့လုံခြုံရေးကတော့ တော်တော်ကို လုပ်ထားပါတယ်။ ဟိုးတခါကတည်းက လုံခြုံရေး တော်တော် တင်းတင်းကျပ်ကျပ် လုပ်ထား တယ်။ တချို့ဟာတွေတော့လည်း ကျနော်ပြောလို့မရဘူး။ အသွင်ယူပြီးတော့ လုပ်ရတာတွေလည်း ရှိပါတယ်”ဟု ပြောသည်။
နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်ကလည်း “ဒီဖြစ်စဉ်က အမကြီး (ဒေါ်အောင်ဆန်းစုကြည်)ရဲ့ လုံခြုံရေးနဲ့တော့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ အဲဒီအတွက် ခြိမ်းခြောက်မှုကိုလည်း ဘာမှ စိတ်ပူစရာ မရှိဘူး။ အမကြီးရဲ့ လုံခြုံရေးကို ကျနော်တို့ အပြည့်အဝ တာဝန်ယူထားပါတယ်”ဟု ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် သတင်ထောက်များကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နားတွင် နှစ်ပေါင်းများစွာ လုံခြုံရေး တာဝန်ယူခဲ့ဖူးသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေကမူ ကြားသိနေရသည့် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိတ်ပူမိကြောင်း၊ အကြောင်းမှာ ဒေါ်အောင်ဆန်း စုကြည်သည် သူ၏ လုံခြုံရေးထက် အလုပ်ကိုသာ ပို၍ အာရုံစိုက်လေ့ရှိ၍ သူ၏ လုံခြုံရေးကို တာဝန်ယူထားသူများက သေချာစွာ ဆောင်ရွက်ပေးစေလိုကြောင်း ပြောသည်။
“အခုဖြစ်စဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိတ်ပူတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ လုံခြုံ ရေးကို ပိုပြီးတော့ အလေးထားစေချင်တယ်။ နောက်တခုက လုံခြုံရေးအရ တာဝန်မရှိဘဲနဲ့ လက်နက်ကိုင်ဆောင်တာတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာတွေ လုပ်စေချင်တယ်။ ဒါမှသာ တိုင်းပြည်ရဲ့ လုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေး စိတ်ချရ မှာဖြစ်တယ်”ဟု ဦးသိမ်းဆွေက ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ချိန်တွင် ပေးထားသည့် ကျည်ကာကားကို စီးသော်လည်း တာဝန်ချိန် မဟုတ်သည့် အချိန်များတွင် ၎င်း၏ ကိုယ်ပိုင်ကားကိုသာ သုံးလေ့ရှိသဖြင့် ထိုအချက်ကို စိတ်ပူကြောင်း၊ အချိန်တိုင်းတွင် လုံခြုံရေးအပြည့်ဖြင့် သွားလာသင့်ကြောင်း ဦးသိမ်းဆွေက အကြံပြုသည်။
“ဘယ်ကိစ္စနဲ့ပဲ သွားသွား သူဟာ နိုင်ငံတော်ရဲ့ အရေးကြီးပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ ဦးစီးဦးဆောင်ပြုနေသူ တဦးဖြစ်တဲ့အတွက် ဘယ်ခရီးပဲ သွားသွား လုံခြုံရေးအပြည့်ရှိနေစေချင်တယ်။ ဒီတိုင်းပြည်အတွက် အရေးကြီးတဲ့သူတယောက်ကိုတော့ ၂၄ နာရီ အပြည့် လုံခြုံရေး ထားဖို့ လိုမယ်လို့ ထင်တယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ခံသင့်တယ်လို့ ပြောချင်တယ်”ဟု ဦးသိမ်းဆွေက ပြောသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းကလည်း “အရင် အေးနေဝင်း၊ ကျော်နေဝင်း တို့တုန်းက ဒီလောက်မဆိုးဘူး။ အခုက ရည်ရွယ်ချက်ရှိရှိ စုဆောင်းထားတယ်လို့ ပြောလို့ရတယ်။ လုပ်ကြံမယ်ဆိုတာ ဘယ်သူ့ကိုဆိုတာ တော့ မပြောဘူးပေါ့နော်။ အခိုင်အမာ လက်နက်တွေ စုစည်းထားတာဆိုတော့ ထိထိရောက်ရောက် အရေးယူဖို့ လိုတာပေါ့။ စစ်ကြောရ မှာပေါ့”ဟု ပြောသည်။
လက်ရှိတွင် ဦးဖြိုးကိုကိုတင့်ဆန်း၏ ဖခင် ဦးတင့်ဆန်း နေပြည်တော်တွင် မရှိဘဲ တရုတ်ပြည်သို့ ခရီးသွားနေကြောင်း၊ လက်နက်များ မိသည့် ဟိုတယ်မှာ ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်သည့် ဟိုတယ်ဖြစ်ကြောင်း၊ ၎င်းမှာ လက်နက်များ ကြိုက်နှစ်သက်သူတဦး ဖြစ်ပြီး မကြာခဏ Facebook တွင်လည်း တင်လေ့ရှိသူ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် တရားမဝင်လက်နက်(လက်နက်ပုန်းများ) ကိုင်ဆောင်ကာ လုပ်ကြံသတ်သည့် အမှုများ အများအပြားရှိခဲ့ရာ ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ကြည်လင်း(ခ) ဖိုးထူးက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အနီးကပ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည်။
ယင်းအမှုတွင် တပ်မတော်အရာရှိဟောင်းများဖြစ်သည့် အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို အမှုဖွင့်အရေးယူခဲ့သလို ဒုဗိုလ်မှူးကြီး ဟောင်း ဖြစ်သူ အောင်ဝင်းခိုင်ဆိုသူမှှာလည်း နေပြည်တော် ပရဆေးဥယျာဉ်အနီးတွင် ခြေရာဖျောက်သွားသဖြင့် တရားခံပြေးအဖြစ် သတ်မှတ် ထားခြင်းခံထားရသည်။