ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် အပစ်ရပ်စာချုပ် လက်မှတ်မထိုးနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည့် အခင်းအကျင်းကို ဖန်တီးပေးရန် ဆွေးနွေးခဲ့သည်ဟု သတင်း ရရှိသည်။
PPSTသည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) လက်မှတ်ထိုး ထား သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)တို့မှ ထိပ်သီးခေါင်းဆောင်များ စုဖွဲ့ထားသည့် အဖွဲ့တခု ဖြစ်သည် ။
PPST ခေါင်းဆောင်များက ယနေ့ နေ့လယ် ၁နာရီခွဲမှ ၂ နာရီခွဲအထိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဟု ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ က ဧရာဝတီကို ပြောသည်။
ရဲဘော်သံခဲ က “အဓိက က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA ရဲ့ပြဌာန်းချက်တွေ ဆက်ပြီး အတူတကွ လျှောက်လှမ်းနိုင်ဖို့ နံပါတ် (၁) ဆွေးနွေးပါတယ်။ ဒုတိယကတော့ တကယ့် တိုင်းပြည်အရေးဖြစ်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ဆိုရင် ၈ ဖွဲ့ နဲ့တော့ မပြီးဘူး။ တခြားအဖွဲ့တွေလည်း ပါဝင်နိုင်မယ့် အခင်းအကျင်းတွေ လမ်းဖွင့် ပေးဖို့ ကျနော်တို့ဘက်က တင်ပြပါတယ်” ဟု ပြောပြသည်။
PPST ဘက်မှ ပြောဆိုချက်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အစတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးက တနိုင်ငံလုံး ခြုံငုံသည့် အပစ်ရပ်စာချုပ် ဖြစ်ပေါ်ရန် တောင်းဆို ညှိနှိုင်းခဲ့ကြောင်း၊ NCA သည် ထိုမှ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ NCA ကိုသာ အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ရန် လိုကြောင်း ပြန်လည် ပြောဆိုသည်ဟု ရဲဘော်သံခဲက ပြောသည်။
ပြည်တွင်းတွင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိပြီး ၈ ဖွဲ့သည် NCA လက်မှတ် ထိုးထားသော်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ၅ ဖွဲ့သည် NCA ထိုးရန် ညှိနှိုှုင်းနေဆဲ ဖြစ် သည်။
မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြစ်သည့် “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ကို ဖွဲ့ပြီး NCA အစား အပစ်ရပ်စာချုပ် အသစ်တခု ချုပ်ဆိုရန် အစိုးရ နှင့် တပ်မတော်တို့ အား တောင်းဆိုလျက် ရှိသည်။
တပ်မတော်ကမူ FPNCC နှင့် ပတ်သက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်လိုပါက NCA ကိုသာ လက်မှတ်ထိုးပြီး ပါဝင် ရမည်ဖြစ်ကြောင်း ပြောဆိုထားပြီး MNDAA၊ TNLA နှင့် AA တို့ကို ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ကြောင်း ပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်သည် နိုင်ငံအတွက် အရေးတကြီး လိုအပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် တွင် အဓိကအကျဆုံးနှင့် အခြေခံလုပ်ဆောင်ရမည့် အချက်ဖြစ်ကြောင်း၊ ထိုအခြေခံကို မဖော်ဆောင်ဘဲ သေနတ်သံ မတိတ် ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လျှင် စိတ်မချရကြောင်းလည်း အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် တွင် ကျင်းပသည့် NCA ၂နှစ်ပြည့် အခမ်းအနားတွင် ပြောဆိုသည်။
FPNCC အဖွဲ့ဝင်များနှင့် တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွား လျက် ရှိသည်။
မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်ကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် စစ်ရေးပဋိက္ခများကို အမြန်ဆံုံးလျှော့ချနိုင်ရန်လည်း ယန္တရားများ တည်ဆောက်ရန် လိုအပ်သည်ဟု ရဲဘော်သံခဲက ပြော သည်။
“၂၀၁၂ ကျော်ကာလတုန်းကဆို KIO နဲ့ အစိုးရ တပ်မတော်ကြား အပစ်အခတ်လျှော့ချရေး အတွက် ပုံမှန် ညှိနှိုင်းတဲ့ ယန္တရားတွေ ရှိတယ်။ အခု အလုပ်မလုပ်တော့ဘူး။ ရပ်နေတယ် ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ပြန်ပြီး နည်းလမ်း ရှာဖို့ လိုတယ်ဆိုတာကို ကျနော်တို့ တင်ပြခဲ့တယ်”ဟု ရဲဘော်သံခဲက ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် တိုင်းပြည်တည်ဆောက်ရေး လုပ်ရမည့် အခြေအနေဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ ဒေသတွင်း အခြေအနေနှင့် နိုင်ငံတကာ အခြေအနေများကို တာဝန်ရှိသူ အားလုံးက အတူတကွ တွေ့ဆုံဆွေးနွေးမှ ရနိုင်မည်ဟု ရဲဘော်သံခဲက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကျနော်မြင်တာက အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ အတူတကွ ထိုင်ပြီး တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဖို့ အခင်းအကျင်းတခုတော့ လိုအပ်နေပါပြီ။ လိုအပ်နေတာကို အားလုံး ဝိုင်းဖန်တီးဖို့ သက်ဆိုင်တဲ့ ကာယကံရှင်တွေမှာ တာဝန်ရှိတယ်။ အင်အားကြီးတဲ့ သူတွေက ပိုတာဝန်ရှိတယ်” ဟုလည်း ပြောဆို သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်သည်။
PPST ဘက်မှ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ KUN/KNLA(PC) ဗဟို ကော်မတီယင် ဒေါ်နော်ကပေါ်ထူး၊ ALP ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်၊ CNF မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ နှင့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေး တို့ တက်ရောက် သည်။
ညနေပိုင်း ၄နာရီမှ ၅နာရီအထိ နိုင်ငံတော်အတိုင်ပင်ခံနှင့် PPST အဖွဲ့ တွေ့ဆုံကာ ရှေ့ဆက်လုပ်ဆောင်ကြမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
အစိုးရ၊ တပ်မတော်နှင့် ၈ ဖွဲ့တို့ကြား NCA လက်မှတ်ရေးထိုးခြင်း ၂နှစ်ပြည့် နိုင်ငံတော်အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပထားသည်။
ဒေါ်အောင်ဆန်းစုကြည်က အပစ်ရပ် လက်မှတ်ထိုးထားသည့် ၈ဖွဲ့နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖက်ဒရယ် အခြေခံမူများကို ဆွေးနွေး အတည်ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထိုအခမ်းအနားတွင် ပြောဆိုထားသည်။
NCA ၂နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန်အတွက် UNFC နှင့် NCA ကို လက်မှတ်မထိုးပဲ အပစ်ရပ်စာချုပ်တခု အသစ် တခုတွင် လက်မှတ် ထိုးရန် တောင်းဆိုထားသည့် မြောက်ပိုင်းနှင့် တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ကို အစိုးရက ဖိတ်ကြားခဲ့သော်လည်း အဆိုပါ အဖွဲ့များက လာရောက်ခြင်း မရှိခဲ့ပါ။