အစိုးရသစ်လက်ထက်တွင် ပြန်လည်စစ်ဆေးရန်အတွက် ဆိုင်းငံ့ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စီမံကိန်းများထဲက အချို့ကို ပြန်လည် ခွင့်ပြုနေသော်လည်း မန္တလေး- ပြင်ဦးလွင် လမ်းသစ်ဖောက်လုပ်သည့် စီမံကိန်းကို ဝန်ကြီးဌာန ၂ ခုက ကန့်ကွက်သဖြင့် ဆက်လက် ဆိုင်းငံ့ထားကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
အဆိုပါ စီမံကိန်းကို Axiom Mandalay Highway Construction Co.,Ltd မှ BOT လမ်းပိုင်းအဖြစ် ဖောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့က ကန့်ကွက်ထားခြင်းဖြစ်သည်။
၎င်းလမ်းပိုင်းမှာ မန္တလေး-ပြင်ဦးလွင်လမ်းသစ်သည် ပုသိမ်ကြီးမြို့နယ်မှ စတင်မည်ဖြစ်ကာ ပြင်ဦးလွင်မြို့၊ အနီးစခန်းတွင်ရှိသည့် မူလလမ်းပိုင်းနှင့် ပေါင်းစပ်သွားမည်ဖြစ်ကြောင်း၊ တောင်တက်လမ်းဖြစ်၍ တောင်အမြင့် ၂ လုံးနှင့် ဆင်ခြေလျှော တောင်ကုန်းမြင့်များအပြင် တံတား ၁၀ ခုနှင့် ရေနံပိုက်လိုင်းတခုကို ဖြတ်သန်းရမည် ဖြစ်ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က “ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ဒီလမ်းပိုင်းကို မသိဘူးလို့ပြောပြီး သစ်တောဝန်ကြီးဌာနက ဒီလမ်းကို ဖောက်မယ်ဆိုရင် သစ်ပင်တွေ အများကြီး ပါမယ်ဆိုပြီး ကန့်ကွက်ထားတယ်။ ဒါကြောင့် ကုမ္မဏီဘက်ကို ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပါလို့ ပြောထားတယ်၊ ညှိနှိုင်းပြီးလို့ ပြေလည်မှု ရခဲ့တယ်ဆိုရင် ကက်ဘိနက်တင်ပြီး အဆုံးအဖြတ် တောင်းပေးသွားမယ်”ဟု ပြောသည်။
“စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြောချင်တာက ဖွံ့ဖြိုးတိုးတက်ရေလုပ်ငန်းတွေနဲ့ သဘာပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းတွေ မှာ မျှခြေရှိဖို့လိုတယ်၊ ဖွံ့ဖြိုးတိုးတက်ချင်ဇောနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေကို ကျောခိုင်းရင် နောင်လာနောက်သား တွေအတွက် ကောင်းတဲ့ အလားအလာမဟုတ်ဘူး၊ သဘာဝပတ်ဝန်းကျင်ကို ဇောင်းပေးနေရင်လည်း ဖွံ့ဖြိုးတိုးတက်မှု တွေနဲ့ စီးပွားရေးဆိုင်ရာတွေ နောက်ကျမယ်၊ ဘယ်ဘက်မှ မလွန်ဘဲ မျှခြေရှိအောင်လုပ်ရမယ်၊ ပြည်သူတွေကလည်း အဲဒီအမြင်ရှိဖို့ လိုလာပြီဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။
မန္တလေး- ပြင်ဦးလွင်လမ်းပိုင်းတွင် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေမှု လျော့ကျစေရန်အတွက် ယခင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လမ်းသစ်ကို ဖောက်လုပ်ခဲ့ရန် ဖြစ်ပြီး MIC ၏ ခွင့်ပြုချက် လည်း ရရှိထားသော စီမံကိန်းတခု ဖြစ်ကြောင်း သိရသည်။
လမ်းပိုင်းသစ် စီမံကိန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမြတ်သူက “လောလောဆယ်တော့ ဆိုင်းငံ့အခြေအနေမှာပဲ ရှိပါသေး တယ်၊ ဆိုင်းငံ့ခံထားရတာ တနှစ်ခွဲလောက်ရှိပါပြီ။ ဘာမှအကြောင်းမထူးသေးပါဘူး၊ ပြည်ထောင်စုအဆင့် ခွင့်ပြုချက် မရသေးလို့ လုပ်ငန်းတွေ မစနိုင်သေးတာပါ၊ ဒီကိစ္စကို ကုမ္ပဏီကလည်း သတင်းထုတ်ပြန်မှာပါ၊ ပြည်ထောင်စုခွင့်ပြုချက်ကို စောင့်နေတာဖြစ်ပြီး ခွင့်ပြုတာနဲ့ လုပ်ငန်းတွေ ပြန်လည်စတင်သွားမယ်” ဟုဆိုသည်။
တိုင်းဒေသကြီးအတွင်းမှ စီမံကိန်းအချို့ဆိုင်းငံ့ထားသည်ဆိုရာတွင် EIA ၊ SIA များအပြင် ရှေးဟောင်းယဉ်ကျေးမှုနယ် မြေနှင့် နီးလျှင် HIA စမ်းသပ် စစ်ဆေးမှုများ လိုအပ်ကြောင်း၊ စီမံကိန်းများ စိစစ်ရန် ဘက်ပေါင်းစုံမှ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်းပါဝင်သည့် ကော်မတီ တရပ်ရှိရန် လိုအပ်သည့်အတွက် ဆိုင်းငံ့မှုများ ရှိခဲ့ပြီး စီမံကိန်းအချို့လည်း ခွင့်ပြုလုပ် ဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။
“အသစ်ဖောက်လုပ်မယ့် လမ်းပိုင်းက လက်ရှိသွားနေတဲ့ လမ်းပိုင်းထက် တဝက်နီးပါး လျော့နည်းသွားမှာဖြစ်သလို အချိန်တို၊ ခရီးတိုသွားမယ်၊ ဖြတ်သန်းသွားတဲ့ဒေသတွေမှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်၊ ကုန်စည်သယ်ယူ ပို့ဆောင်မှုပိုင်းမှာလည်း အရင်ထက်ပိုပြီး မြန်ဆန်လာမှာပါ”ဟု စီမံကိန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမြတ်သူက ဆက်လက် ပြောသည်။