သတင်း

အိန္ဒိယ-မြန်မာနယ်စပ်တွင် လွတ်လပ်စွာ ကူးသန်းနိုင်ရေး ပြန်သုံးသပ်

Want create site? Find Free WordPress Themes and plugins.

ရိုဟင်ဂျာဆိုသူ ဘင်္ဂလီများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဘေးမှ တားဆီးနိုင်ရန် အတွက် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ် တလျှောက်တွင် လွတ်လပ်စွာ ကူးသန်းနိုင်ရေး စနစ် (Free Movement Regime – FMR) အပေါ် ပြန်သုံးသပ်ရေး ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်း အိန္ဒိယ အစိုးရ သတင်းရင်းမြစ်များထံမှ သိရသည်။

နှစ်ဖက်စလုံးမှ ပြည်သူများ နယ်စပ် ဖြတ်ကျော်၍ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ရေးစနစ် (FMR) နှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်ရန် ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ၂ ဦးပါဝင်သည့် အဖွဲ့တဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်သို့ လာရောက်ခဲ့သည် ဟု အိန္ဒိယမှ လာသော သတင်းတရပ်၌ ဖော်ပြထားသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်တွင်း လုံခြုံရေး အထူးအတွင်းဝန် ရီနာမီထရာနှင့် အရှေ့မြောက်ဒေသ တွဲဖက် အတွင်းဝန် စက်ယံဒရဂါ့ဂျ် တို့သည် အရန်နာချယ်ပရာဒက်ရှ်၊ နာဂဒေသ၊ မိဇူရန်နှင့် မဏိပူရတို့သို့ လာရောက်ခဲ့ကြ ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ ပြည်သူများ အနေဖြင့် အိန္ဒိယဘက်တွင် ၇၂ နာရီကြာ နေထိုင်သော်လည်း အိန္ဒိယနိုင်ငံသားများကိုမူ နယ်စပ်ဖြတ်ကျော်၍ ၂၄ နာရီထက် ပို၍ နေထိုင်ခွင့် မရှိသေးပေ။ သို့ဖြစ်၍ ယာယီနေထိုင်ခွင့် အတွက် ပုံစံ တရပ် ဖော်ဆောင် လုပ်ဆောင်၍ လုပ်ထုံးလုပ်နည်း တခုရှိလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။

“တခြား နယ်စပ်တွေရဲ့ ထွက်ပေါက်မှာလည်း ထွက်တဲ့ စနစ်ဘယ်လို ထားနေသလဲ ဆိုတာ လေ့လာသုံးသပ်ပါတယ်။ ပြည်နယ် အဆင့်အတွင်းဝန် အကြီးအကဲတွေ၊ ရဲချုပ်တွေ၊ ရဲမင်းကြီးတွေနဲ့ အာသံ သေနတ်ကိုင်တပ်က တာဝန်ရှိသူတွေ ပါဝင်တဲ့ အစည်းအဝေးလည်း ပြုလုပ်ခဲ့ကြပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

တရားမဝင် လှုပ်ရှားမှုများစွာ ပြုနေသည့် လက်နက်ကိုင်သူပုန်များ ကျင်လည်ကျက်စားနေသော အိန္ဒိယ-မြန်မာနယ်စပ်တွင် လွတ်လပ်စွာ ကူးသန်းနိုင်ရေး စနစ်နှင့် ပတ်သက်ပြီး ရှေးဦးမဆွကပင် အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ရက်နက်ဆင်းမ် (Rajnath Singh) က စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ပြောပြောကြားခဲ့ပြီး ဖြစ်သည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနသည် အိန္ဒိယ တရားလွှတ်တော်ချုပ်သို့ ကျမ်းကျိန်လွှာ တစောင်ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံ ဘက်မှ ထွက်ပြေးလာသည် ဆိုသည့် ရိုဟင်ဂျာဆိုသူ ဘင်္ဂါ လီများသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု ရှိနိုင်သဖြင့် ၎င်းတို့ကို ပြည်နှင်ရန် လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးလည်း ဖြစ်သည်။

ယင်းသို့သော တရားမဝင် လာရောက် နေထိုင်သူများကို ပြည်နယ်အနေဖြင့် စိစစ်ပြီး သံသယဖြစ်ဖွယ်ကိစ္စများ အသေးစိတ် အချက်အလက်များကို ပြန်လည်တင်ပြရန် အိန္ဒိယ ဗဟိုအစိုးရက ပြည်နယ်အစိုးရကို ညွှန်ကြားထားပြီးလည်း ဖြစ်သည်။

ယင်းကိစ္စအတွက် လက်ရှိ ကိုင်တွယ်ဆောင်ရွက်နေပုံများကို ပြန်လည် သုံးသပ်ရန်နှင့် မြေပြင်အကဲဖြတ် စိစစ်မှု ဆောင်ရွက်ရန် ကော်မတီတရပ် ဖွဲ့စည်းပေးထားသည်။

FMR အရ ထိစပ်နယ်မြေ ၁၆ ကီလိုမီတာ တလျှောက် နေထိုင်ကြသည့် ပြည်သူများကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပေးရန်နှင့် တရားဝင် ထိရောက်သည့် ခွင့်ပြုချက် ပါမစ်ဖြင့် ၇၂ နာရီ နေခွင့်ကို နှစ်ဖက်အာဏာပိုင်များက ထုတ်ပေးနိုင်မည် ဖြစ်သည်။

နယ်စပ်ဒေသနေ ပြည်သူများ အကြား လူမှုရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများ အပေါ် လက်တွေ့အားဖြင့်လည်း ဆက်လက် ထိန်းသိမ်း ထားကြောင်း၊ သို့သော် ယင်း လွတ်လပ်ခွင့်ကို အခွင့်ကောင်းယူ၍ လက်နက်များ၊ မူးယစ်ဆေးဝါးများနှင် အခြား ပစ္စည်းများ မှောင်ခိုတင်သွင်း တင်ပို့ခြင်း၊ အိန္ဒိယ ငွေစက္ကူအတု ပြုလုပ်ခြင်း စသည့် ရာဇဝတ်မှုကျူးလွန်သူများနှင့် စစ်သွေးကြွများက လွတ်လပ်စွာ နယ်စပ် ဖြတ်ကျော်မှုကို အလွဲသုံးစား ပြုလျက်ရှိသည် ဟုလည်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading