အားကစား ဝန်ကြီးဟောင်း၏သား ဦးဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပတ်သက်၍ ၎င်းအပါအဝင် ACE လုပ်ငန်းစုမှ လူ ၁၂ ဦး ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက “ကျန်ရှိနေတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရားခံတွေ ဖမ်းမိဖို့က နံပတ်တစ် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို လွတ်ထွက် မသွား အောင် ဆောင်ရွက်နေပါတယ်။ ဥပဒေ လုပ်ထုံး လုပ် နည်း နဲ့ ဆောင်ရွက်တာ အားလုံးလည်း ပြည်ထောင်စု အစိုးရအဖွဲ့ကို အချိန်နဲ့ တပြေးညီ တင်ပြပြီး ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ယနေ့ ဖမ်းဆီးရမိသည့် သေနတ် ၈ လက် အပါအဝင် လက်နက် စုစုပေါင်း ၂၁ လက် ဖမ်းဆီး ရမိထားသည်ဟုလည်း ဆို သည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက်ရှိ ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား ရဲတပ်ဖွဲ့ က ရှာဖွေခဲ့ရာ ၅.၅၆ ကျည် (၃)တောင့်၊ ဦးဖြိုးကိုကိုတင့်ဆန်း အမည်နှင့် နိုင်ငံတော် တံဆိပ်ပါ ပြောက် ကျား ဝတ်စုံ (၁)စုံ၊ နိုင်ငံတော်တံဆိပ်နှင့် အရိုးခေါင်း လက်မောင်း တံဆိပ်ပါ အနက်ရောင် လက်ရှည် အင်္ကျီ (၁)ထည်၊ စနိုက်ပါ မှန်ပြောင်း (၂) လက် (တို၁၊ ရှည်၁)၊ စစ်စိမ်းရောင် သံလိုက်အိမ်မြှောင် (၁)ခု၊ လက်ကိုင် စကားပြော စက်(၁)လုံး၊ သေနတ် ချိန်သီး(၁)ခု၊ ကျည်ကာအင်္ကျီ(၂)ထည်တို့ကို သိမ်းဆည်းမိခဲ့ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျည်အိမ် ထည့်အိတ်(၄ ခုတွဲ) (၁)ခု၊ အနက်ရောင် လက်ကိုင်အိတ် (၂)လုံး၊ စကားပြောစက် ထည့်အိတ် (၁)ခု၊ WY စာတန်း ပါ စိတ်ကြွဆေးပြား (၂)ပြား၊ ICE ဟု ယူဆရသည့် အမှုန့်များ ကပ်နေသည့် ကပ်ခွာ အိတ်(၁)ခု၊ ခဲပြား(၉)ခုနှင့် မီးခြစ်(၃)လုံး၊ စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဘူး/ဖန်ပုလင်း (၃)လုံး တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဗဟန်းမြို့နယ် ရဲစခန်းတွင် မူးယစ်မှုဖြင့် အမှုဖွင့်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့ဖမ်းဆီး ခံထားရသူများ၏ ထွက်ဆိုချက်ပေါ်တွင် မူတည်၍ အရေးယူမည် ဖြစ်ကြောင်း၊ နေပြည်တော် လေဆိပ်တွင် ဖမ်းမိ သည့် ၃ ဦးကိုမူ မူးယစ်မှု၊ လက်နက် ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် ကလည်း ပြောသည်။
ရဲမှူးကြီး ဇော်ခင်အောင်က “နေပြည်တော်မှာ မိတဲ့သူကို နေပြည်တော်မှာပဲ ရုံးတင်မယ်။ ရန်ကုန်မှာရှိတဲ့သူကို ရန်ကုန်မှာ တင်မယ်။ အခုဖမ်းထား တာ က သူ့ရဲ့(ဖြိုးကိုကိုတင့်ဆန်း ရဲ့) ဝန်ထမ်းတွေ။ ထိန်းသိမ်းထားတုန်းပဲ ရှိသေးတယ်။ မဆိုင်တဲ့သူတွေလည်း ပြန်လွှတ်မှာ ပေါ့။ သူတို့ရဲ့ ထွက်ဆိုချက်ပေါ်မှာ မူတည်တယ်”ဟုလည်း ပြောပြသည်။
အောက်တိုဘာ ၁၅ ရက်နေ့က ဦးဖြိုးကိုကိုတင့်ဆန်း၏ ယာဉ်မောင်း ဖြစ်သူ ကိုသီဟ ဆိုသူကို လည်းကောင်း၊ အောက်တို ဘာ ၁၆ ရက် ညနေပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ၁၁၅ မိုင် ဖြူး အမြန်လမ်းမကြီး ရဲစခန်း၌ ထိန်းသိမ်း ထားသည့် ACE အထွေထွေ မန်နေဂျာ ဦးဂျိုးဇက်နှင့် ဒက္ခိဏသီရိ မြို့နယ်တွင် နေထိုင်သူ ACE ဝန်ထမ်း အမျိုးသား ၄ ဦး၊ အမျိုးသမီး တဦးတို့ကို နေပြည်တော်သို့ ခေါ်ဆောင်၍ လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးလျက် ရှိရာ စုစုပေါင်း ထပ်မံ ဖမ်းဆီးထားသူ ၆ ဦး ရှိကြောင်း သိရသည်။
ACE ဟိုတယ် ပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်း၊ ACE ရုံးအဖွဲ့မှ ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ ၃ ဦးကို နေပြည်တော် အပြည် ပြည် ဆိုင်ရာ လေဆိပ်တွင် ဖမ်းမိစဉ်က အေလာ ရဲစခန်းတွင် မူးယစ်ပုဒ်မ ၂၁၊ ၂၂ (ခ)တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ACE ဟိုတယ် တွင် လက်နက်များ ထပ်မံဖမ်းမိသည့်အခါ လက်နက်ပုဒ်မ ၁၉(က)ဖြင့် ထပ်မံ အမှုဖွင့်လိုက်ကြောင်း နေပြည်တော် ဒက္ခိဏ သီရိ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှရီက ပြောသည်။
“လေဆိပ်မှာ မိတာက မူးယစ်ဆေးဝါးပါတော့ အေလာ ရဲစခန်းမှာ မူးယစ်ပုဒ်မနဲ့ အမှုဖွင့်တယ်။ ACE ဟိုတယ်မှာ လက်နက် တွေမိတော့ လက်နက်ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ အဲဒီလူတွေ အကုန်လုံး နေပြည်တော်မှာပဲ ရှိပါတယ်။ စစ်ဆေးတုန်း ဆို တော့ စစ်ပြီးမှပဲ ပြည့်ပြည့်စုံစုံ သိရမယ်။ ရဲလုပ်ငန်းတွေ ဆောင်ရွက်တုန်းပဲ ရှိပါသေးတယ်”ဟုလည်း ၎င်းက ပြောပြသည်။
လက်ရှိတွင် ဦးဖြိုးကိုကိုတင့်ဆန်း၏ ဘဏ်အကောင့် တချို့ပါ ပိတ်သိမ်းခံရထားရပြီး ၎င်းနေထိုင်ခဲ့သည့် နေရာအားလုံးကို ဝင်ရောက် ရှာဖွေရန် ရှိကြောင်း၊ ယမန်နေ့က ရန်ကုန်မြို့ သာကေတ မြို့နယ်တွင် ရှာဖွေခဲ့သည့် ACE ကုမ္ပဏီတွင်လည်း အထပ် ၇ ထပ်ရှိရာ ၂ ထပ်သာ ရှာဖွေပြီးသေး၍ အကုန်လုံးကို ဆက်လက်ရှာဖွေရန် ရှိ၍ ချိတ်ပိတ်ထားကြောင်း ရဲ အသိုင်း အဝိုင်းမှ သိရသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် ဦးလွင်ကိုလတ်က “ပစ္စတိုတလက်၊ ၂ လက်လောက် မိတယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လို့ ပြောလို့ရတာ မှန်ပေမယ့် အခုဆိုရင် လက်နက်အရှည်တွေ၊ စနိုက်ပါတွေ ပါလာမယ် ဆိုရင်တော့ ဒီကိစ္စမျိုးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မဟုတ်တော့လို့ ပေါ့ပေါ့ဆဆ ကိုင်တွယ်လို့ မရဘူး။ ဒီအဆင့်က နိုင်ငံတော် ပုန်ကန်မှု အဆင့်ထိတောင် ဆွဲလို့ ရသွားပြီလို့ ကျနော် ထင်တယ်”ဟု ပြောသည်။
ပြည်သူလူထုကစိုးရိမ်သည့် ယခုအမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့က လူထုဆက်ဆံရေး (PR)ကို သေချာစွာ ပြင်ထားသင့်ကြောင်း၊ ရဲ တာဝန်ရှိသူများသည် မိမိ၏ ထင်မြင်ချက်ထက် ရဲလုပ်ငန်း ဆောင်ရွက်မှုကိုသာ သေချာ ရှင်းပြသင့်ကြောင်း၊ သို့မဟုတ် ပါက ပြည်သူလူထုက နားလည်မှုလွဲကာ ရဲလုပ်ငန်းကိုပါ ထိခိုက်စေနိုင်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးလွင်ကိုလတ်က ပြောဆိုသည်။
“ကိုယ့် ထင်မြင်ချက်တွေကို တန်းပြောရင် လူထုကြားထဲမှာ နားလည်မှုလွဲတာတွေ ဖြစ်နေတယ်။ လူထု စိုးရိမ်ချက်ကို ထင်မြင်ချက်တွေက လုံလောက်တဲ့ အဖြေမျိုး မပေးနိုင်တဲ့အခါ ရဲလုပ်ငန်းတွေကို ထိခိုက်စေတယ်။ အမှုနဲ့ ပတ်သက်ပြီး ပြောရရင် ဖမ်းဆီးရမိတဲ့ လက်နက်ပေါ်မှာ မူတည်ပြီးတော့ အမှုအနေအထားက ပိုသွားမှာပဲ”ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လက်နက်ကို တပ်မတော်မှ လွဲ၍ မည်သည့်အဖွဲ့အစည်းတွင်မှ တရားဝင် တင်သွင်းခွင့် မရှိကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပင်လျှင် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များကို သမ္မတရုံး၏ ခွင့်ပြုချက် ရယူပြီးမှသာ တင်သွင်း ရကြောင်း၊ အရပ်သားများ အတွက် လိုင်စင်ဖြင့် လက်နက် ကိုင်ဆောင်ခွင့်ကိုလည်း မည်သူ့ကိုမျှ ခွင့်ပြု မထားကြောင်း ရန်ကုန်မြို့မှ အငြိမ်းစား ရဲမှူးကြီးတဦး က ပြောသည်။
“လိုင်စင်နဲ့ မဟုတ်ဘဲ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်မျိုးတော့ ပေးမယ်။ အရပ်သားကို မဟုတ်ဘဲ စစ်တပ်က အငြိမ်းစား လူကြီး တွေကို အခြေအနေအရ ထုတ်ပေးရတာမျိုး ရှိတယ်။ အဲဒီပါမစ်ကိုလည်း ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးမှ သူ့ခွင်ပြုချက်နဲ့ စည်းကမ်းတကျ ကိုင်လို့ရတာ”ဟုလည်း အငြိမ်းစား ရဲမှူးကြီးက ပြောပြသည်။
မြန်မာနိုင်ငံတွင် လက်နက်များ၊ ရဲကားများ ပါဝင်ဖွဲ့စည်းထားသည့် လုံခြုံရေးကုမ္ပဏီ ဖွဲ့စည်းခွင့်ကိုလည်း မည်သူ့ကိုမျှ ခွင့်ပြု မထားဘဲ တပ်မတော်နှင့် ရဲတပ်ဖွဲ့ အငြိမ်းစားများကို ခန့်အပ်လေ့ရှိသည့် လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီမျိုး သာ ရှိကြောင်း၊ ၎င်းတို့ကိုမူ ကုမ္ပဏီကြီးများ၊ ဟိုတယ် လုပ်ငန်းကြီးများက လုံခြုံရေးအရာရှိ အဖြစ် ခေါ်ယူ ခန့်ထားလေ့ ရှိသည် ဟုလည်း ဆိုသည်။
ဦးဖြိုးကိုကိုတင့်ဆန်း၏ ဖခင်ဖြစ်သူ ဦးတင့်ဆန်းက တရုတ်နိုင်ငံသို့ သွားနေရာ မနက်ဖြန်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံခြားခရီးစဉ်များမှာ ထပ်မံ၍ သွားရန် ရှိနေကြောင်း၊ ဖြိုးကိုကိုတင့်ဆန်းမှာ လုံခြုံရေးကုမ္ပဏီ ဖွင့် ရန် စီစဉ်နေခြင်း ဖြစ်ပြီး ငွေကြေး မလောက်သေးသဖြင့် မဖွင့်နိုင်သေးခြင်း ဖြစ်ကြောင်း ACE ဟိုတယ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း ထံမှ သိရသည်။
နေပြည်တော် သတင်းထောက် မိုးမိုး ပူးပေါင်း ရေးသားသည်။