ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံရှိ အာနန္ဒာဘုရား တောင်ဘက်မုခ် အဝင်လမ်း ကွန်ကရစ်လမ်းခင်းနေမှုကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ယာယီရပ်ဆိုင်းရန် တားမြစ်မှုကြောင့် အောက်တိုဘာ ၁၆ ရက်ကစပြီး လုပ်ငန်းများရပ်ဆိုင်း ထားရကြောင်း သိရသည်။
“လောလောဆယ်တော့ လုပ်ငန်းရပ်ထားတယ်။ ဒီလ ၁၁ ရက်လောက်မှ စလုပ်တာ။ မိုးရွာတော့ သိပ်မလုပ်သေးပါဘူး။ မနေ့တုန်းကစပြီးတော့ ရှေးဟောင်းက ခွင့်ပြုချက်တောင်းပါအုံးဆိုလို့ ခွင့်ပြုချက်တောင်းဖို့ ခဏရပ်ထားတယ်” ဟု အာနန္ဒာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးက ဧရာဝတီကို ပြောသည်။
ရှေးဟောင်းဘုရားဝင်းများအတွင်း ကွန်ကရစ်လမ်းဖောက်ခြင်းကို ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိိုက်ဦးစီးဌာနက ခွင့်မပြုသည့်အတွက် ယမန်နေ့က အချိန်မီသွား တားထားကြောင်း ဒုတိယညွှန်ကြားရေးမှူးချုုပ် ဦးသိန်းလွင်က အတည်ပြု ပြောဆိုသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းမှုနှင့်ပတ်သက်၍ ဒေသခံများနှင့် ကြိုတင်ညှိနှိုင်းမှုမရှိခြင်းအပေါ် ဝေဖန်မှုများ၊ လူမှုကွန်ရက်စာ မျက်နှာပေါ်ပျံ့နှံ့သွားပြီး ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်းတို့ကြောင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။
လက်ရှိခင်းနေသောလမ်းသည် ဘုရားဖူးဧည့်သည့်များ ယာဉ်ရပ်နားမှု အဆင်ပြေစေရန်အတွက်ဖြစ်ကြောင်း၊ အောက်ခြေ တွင် အမာခံရရန် ကွန်ကရစ်ခင်းခြင်းဖြစ်ပြီး ၎င်းအပေါ်တွင် ကျောက်တုံးများကို ရှေးမူမပျက် စီခင်းသွားမည်ဖြစ်ပြီး လုပ်ငန်း စစချင်း မြင်ရသည့်မြင်ကွင်းကို ကန့်ကွက်နေကြခြင်းဖြစ်ကြောင်း အာနန္ဒာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးက ရှင်းပြသည်။
“မြေနီလမ်းက ကားတွေအဝင်အထွက် များလာတဲ့အခါ ချိုင့်တွေ မိုးတွင်းဆို ရေတွေဝပ်။ တနည်းပြောရရင် မချောအောင်။ ကားတွေ အရှိန်နဲ့မဝင်အောင် ဒီလမ်းကို ကျောက်စီလမ်းလုပ်မှာ ရှေးမူမပျက်ပေါ့။ မြေသားက သိပ်မကောင်းတဲ့အခါကျ တော့ ကွန်ကရစ်နည်းနည်းလေးပြင်ပြီး အပေါ်က ကျောက်တွေပြန်စီမှာ။ ကွန်ကရစ်လမ်းတော့မဟုတ်ဘူး။ မပြီးသေးဘဲ စလုပ်လုပ်ချင်းကိုကြည့်ပြီး ပြောဆိုနေကြတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိခင်းနေသောကွန်ကရစ်လမ်းကို ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာအုပ် ချုပ်ရေးအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကုန်ကျငွေကို အာနန္ဒာဘုရား ဘဏ္ဍာငွေထဲမှ သုံးစွဲသွား မည်ဖြစ်ကြောင်း သိရသည်။
“အဓိက မကျေနပ်ကြတာကတော့ ဒေသခံအဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်မှုတွေ မလုပ်ခဲ့လို့ဘဲ။ ကွန်ကရစ်ခင်းပြီး အပေါ်ကနေ ကျောက်တုံးလေးတွေခင်းမယ်။ ဒါရဲ့ကုန်ကျစရိတ်ရယ် နောက်တခု ရှေးဟောင်းနယ်မြေဆို တော့ ဘုရားတွေနဲ့ သဟဇာတဖြစ်မယ့် အနေအထားမျိုးရယ်ပေါ့။ ကျနော်အကြံပေးချင်တာက ဒီဟာကို မြေနီလမ်းပဲထား စေချင်တယ်။ အခုပေါ်နေပြီ နိုင်ငံခြားကလာတဲ့ကော်နဲ့ ရောစပ်ပြီးသုံးရင် မြေနီလမ်းက မာတယ်။ နောက်ပြီး သဘာဝအနေ အထား အတိုင်း မြင်ကွင်းကရှိတယ်။ ကုန်ကျစရိတ်အားဖြင့် တူမယ်ဆိုရင်တောင် သဘာဝနဲ့မြင်ကွင်းမှာ သီးခြားမဖြစ်ဘူး။ သဟဇာတဖြစ်မယ်” ဟု ပုဂံဒေသကိုယ်စားပြု ပုဂံဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်နုက ပြောသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးညှိနှိုင်းရန် ဒေသခံအဖွဲ့အစည်းများ၊ ဒေသခံများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အောက်တို ဘာ ၁၈ ရက်တွင် တွေ့ဆုံရန်ရှိကြောင်း ဦးခင်မောင်နုက ပြောဆိုသည်။