နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်အား ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် မနေ့က ပြောင်းရွေ့တာဝန်ပေးလိုက်ခြင်းမှာ လက်နက်များဖြင့် ဖမ်းမိသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် သက်ဆိုင်မှုမရှိဘဲ ပြည်ထဲရေး ဝန်ကြီးဌာနက စီစဉ်ထားသည့် ရဲလုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုများထဲမှာ တခုသာ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် တလခန့်ကပင် ရဲမှူးကြီး ဇော်ခင်အောင်ကို ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ပေး တော့မည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်း၌ ပြောဆိုနေချိန် တိုက်ဆိုင်စွာပင် ဖြိုးကိုကိုတင့်ဆန်း အမှု စစ်ဆေးနေရာမှ ပြောင်းရွေ့ အမိန့် ထွက်ပေါ်လာသဖြင့် လူအများကြားတွင် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
“ကျနော် ပြောင်းရတာ အခု ဖြိုးကိုကိုတင့်ဆန်းရဲ့အမှု နဲ့ မဆိုင်ပါဘူး။ ဒီလို စီမံထားတာလည်း ကြာ ပါပြီ။ လူတွေရဲ့ သဘော သဘာဝအရ ဒီလိုပဲ ပြောနေကြတာ ပြဿနာတော့ မရှိပါဘူး”ဟု ရဲမှူးကြီး ဇော်ခင်အောင်က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့က ACE ဟိုတယ်ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ နှစ်ဦးကို နေပြည်တော်လေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်။
ယင်းအမှု၌ ရဲမှူးကြီး ဇော်ခင်အောင်မှ မီဒီယာများသို့ ဖြေကြားရာတွင် ဖြိုးကိုကိုတင့်ဆန်းတို့ လက်နက်ကိုင်ဆောင်မှုမှာ တကိုယ်စာ သယ်တာပါဟု လည်းကောင်း၊ နေပြည်တော်လေဆိပ်တွင် လက်နက်ဖမ်းမိသော်လည်း လက်နက်ပုဒ်မ မတပ်သေးဘဲ မူးယစ်မှုသာ တပ်ခဲ့ခြင်းစသည့်တို့ အပေါ် လူအများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
ရဲမှူးကြီးဇော်ခင်အောင်သည် နေပြည်တော် ရဲတပ်ဖွဲ့မှူး မဖြစ်မီ ရဲချုပ်ရုံးတွင် လုံခြုံရေး ညွှန်ကြားရေး မှူးအဖြစ် တာဝန်ယူခဲ့ သူတဦး ဖြစ်ပြီး တပ်မတော်မှ အသွင်ပြောင်းလာသူတဦး ဖြစ်ကြောင်း၊ ၎င်း၏ နေရာတွင် ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိ ချုပ် ရဲမှူးကြီး ထက်လွင်က နေပြည်တော် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ယူမည် ဖြစ်ပြီး ရဲမှူးကြီး ထက်လွင်နေရာသို့ ရဲမှူးကြီး မင်းအောင်က အစားထိုး ဝင်ရောက်မည် ဖြစ်သည်။
နေပြည်တော် ဒုတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်းက ရဲတပ်ဖွဲ့ဌာန မှုခင်း ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း၊ ရဲတပ်ဖွဲ့ဌာန မှုခင်း ညွှန်ကြားရေးမှူးဖြစ်သူ ရဲမှူးကြီး လေးစိုးက စစ်ကိုင်းတိုင်း ရဲတပ် ဖွဲ့မှူးအဖြစ် တာဝန်ပေးအပ်ခံရပြီး စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက ရဲအရာရှိ အတတ် သင်ကျောင်းအုပ် ဖြစ်လာမည်ဟု သိရသည်။
“ရဲမှူးကြီးတွေဖြစ်တဲ့ ဦးလူလူသန်း၊ ဦးရွှေသောင်း၊ ဦးလေးစိုးတို့က မိခင်ဌာန ရဲကနေပဲ အရာရှိ ဖြစ်လာတာ။ ရဲမှူးကြီး ဇော်ခင်အောင် တို့ ထက်လွင်နဲ့ မင်းအောင်တို့ က တပ်မတော်က ပြောင်းလာ သူတွေပေါ့။ ဒီအမိန့်ထွက်ဖို့ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် ပြောထားတာ ကြာပြီ။ အခုမှ ထွက်တာ။ ဟိုကိစ္စနဲ့ ဘာမှကို မဆိုင်ဘူး”ဟု ရန်ကုန်မြို့မှ အငြိမ်းစား ရဲအရာရှိကြီး တဦးက ပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ရဲမှူးချုပ် ၄ ဦး ပြောင်းရွေ့မှု နောက်ဆက်တွဲ ရဲမှူးကြီး ၇ ဦးကို ပြောင်းရွေ့ခဲ့ခြင်းဖြစ်ပြီး ရဲမှူးကြီးဇော်ခင်အောင်မှာ မကြာမီ အငြိမ်းစားယူတော့မည် ကချင်ပြည် နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးနေရာတွင် အစားထိုး ဝင်ရောက်ခြင်း ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်း ထံမှ သိရသည်။
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် တာဝန်ပေးခံခဲ့ရသည့် မောင်တော နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်ကို နေပြည်တော်ရှိ အမှတ် ၁ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့၊ ရဲကွပ်ကဲရေးမှူး အဖြစ် ပြောင်းရွေ့လိုက်ခြင်း အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ၄ ဦးကို ယခုလ ၂ ရက်နေ့က ပြောင်းရွေ့မှုများ ပြုလုပ်ခဲ့သေးသည်။