လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိထားသည့် ဦးဖြိုးကိုကိုတင့်ဆန်းအား နိုင်ငံတော် လုံခြုံရေးကဲ့သို့ အဖွဲ့ အစည်း တံဆိပ်များ သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အသင်းအဖွဲ့ ဥပဒေဖြင့် ထပ်မံ အရေးယူရန် ပြင်ဆင်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြောသည်။
ရဲတပ်ဖွဲ့အနေဖြင့် ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်ရှိ ACE ဟိုတယ်နှင့် ရန်ကုန်မြို့ရှိ ACE ရုံးတို့ကို ဝင်ရောက်ရှာဖွေ ရာတွင် National Security Council (NSC/NSA) တံဆိပ်များ ကပ်နှိပ်ထားသည့် ကားများနှင့် SWAT တံဆိပ်ပါ ကျည်ကာ အကျႌများ၊ ပြောက်ကျားအကျီင်္များကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က “ဒီလိုအဖွဲ့တွေက ပြည်ထဲရေးအနေနဲ့ တရားဝင်ဖွဲ့စည်းတာ မရှိဘူး၊ နိုင်ငံတော် အဆင့် ပဲ လုပ်လိုရတဲ့ကိစ္စ၊ ကျနော်တို့က တာဝန်ထမ်းဆောင်နေဆဲ အမှုထမ်း၊ အရာထမ်းတွေကိုပဲ လုံခြုံရေး ကိစ္စတွေကို တာဝန် ပေးတာရှိပါတယ်၊ သူတို့ဘာသာ ဖွဲ့စည်းပြီး လက်နက် ကိုင်ဆောင်တာတွေကို ဆက်လက် အရေးယူဖို့ စိစစ်နေပါတယ်”ဟု ပြောသည်။
ဦးဖြိုးကိုကိုတင့်ဆန်း ထံမှ နိုင်ငံတော်သမ္မတနှင့် အတိုင်းပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အနီးတွင် လုံခြုံရေး တာဝန် ယူရ သည့် အထူး ရဲတပ်ဖွဲ့ဝင်များ၏ ဝတ်စုံနှင့် ဆင်တူသည့် နိုင်ငံတော်တံဆိပ်ပါ အကျီင်္များကိုလည်း ဖမ်းဆီး ရမိထားသည်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “National လို၊ Council လိုစကားလုံးတွေက လုံခြုံရေး ကုမ္ပဏီ ထောင်တဲ့ သူအနေနဲ့ သုံးလို့ရလား၊ Special force ဆိုတာက လက်နက်ကိုင် တပ်ဖွဲ့တွေ သုံးလေ့ရှိတဲ့ အထူးတပ်ဖွဲ့လို သဘောမျိုး တွေ ဖြစ်တဲ့အတွက် ဒီနောက်ကွယ်မှာ ဘာတွေရှိလဲ သေချာစုံစမ်းဖို့လိုတယ်၊ ဥပဒေ စိုးမိုးရေး အနေနဲ့ကလည်း ဒါကို ထိထိ ရောက်ရောက် ကိုင်တွယ်ပြီး စိစစ်ဖော်ထုတ်ဖို့ လိုတယ်”ဟု ပြောကြားသည်။
ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ၎င်းပိုင် ACE ကုမ္ပဏီ ရုံးအဖွဲ့မှ ဇော်ဝင်းထိုက်နှင့် ရဲမင်းဆွေ ဆိုသူတို့ကို နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာ ၁၅ ရက်က ပစ္စတို သေနတ် ၂ လက်၊ မူးယစ်ဆေးဝါး တို့နှင့်အတူ စတင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး ဦးဖြိုးကိုကိုတင့်ဆန်း နေထိုင်ခဲ့သည့် ACE ဟိုတယ်မှ အခန်းသို့ ဆက်လက်ရှာဖွေရာ ပစ္စတို သေနတ် ၉ လက် ကို ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆက်လက်၍ ရန်ကုန်မြို့ရှိ ACE ကုမ္ပဏီရုံး၊ ဦးဖြိုးကိုကိုတင့်ဆန်း နေအိမ်နှင့် တိုက်ခန်းများ၊ နေပြည်တော်ရှိ ACE ဟိုတယ်တို့တွင် ဆက်လက် ရှာဖွေရာ သေနတ်နှင့် ကျည်ဆန်များ၊ မူးယစ်ဆေးနှင့် သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ ကျည်ကာအကျီင်္များ၊ Drone ယာဉ်များကို ဖမ်းဆီးရမိထားသည်။
အောက်တိုဘာ ၁၇ ရက်နေ့ ကလည်း သာကေတမြို့နယ်ရှိ ACE ကုမ္ပဏီရုံးသို့ ဝင်ရောက်ရှာဖွေရာမှ ပစ္စတိုသေနတ် ၂ လက် နှင့် ကျည်များ၊ သံဘောစိ ထည့်ပစ်ရသည့် သေနတ် အတိုတလက်နှင့် လက်ကိုင် စကားပြောစက် တို့ကို ဖမ်းဆီး ရမိခဲ့ပြီး နေပြည်တော် ဒက္ခိဏသီရီ မြို့နယ်ရှိ ACE ဟိုတယ် လုံခြုံရေး တာဝန်ခံ ဦးအောင်နိုင်အား သွားရောက်ရှာဖွေ ရာ တွင် လည်း ဦးအောင်နိုင်နှင့် ဦးရန်အောင်စိုးတို့ ဝှက်ထားသည့် ပစ္စတိုသေနတ် ၄ လက်၊ M-21 တလက်၊ M-16 ပုံပြောင်း ၄ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁၉ လုံး၊ Drone ယာဉ် ၇ စီးတို့ကို သေနတ် ကျည်ဆန်များနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဦးဖြိုးကိုကိုတင့်ဆန်းသည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ်မှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ကာ ရှုံးနိမ့်ခဲ့သူဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် အာကစား ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားတဦးဖြစ် သည်။
အမှုဖြစ်စဉ်တွင် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပတ်သက်သည့် နေရာများမှ ဖမ်းမိထားသည့် သေနတ် အတိုအရှည် စုစုပေါင်း အလက်၂၀ ကျော်ပြီဖြစ်ပြီး အမှုနှင့်ပတ်သက်သည့် လူပုဂ္ဂိုလ် ၁၂ ဦးကိုလည်း ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ဖမ်းဆီးထားသူများကို ဒက္ခိဏသီရီ မြို့မ ရဲစခန်၊ သာကေတ မြို့မ ရဲစခန်း၊ ဗဟန်း မြို့မ ရဲစခန်းတို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများ ဆိုင်ရာဥပဒေ ပုဒ်မ- ၁၅/၁၆(ဂ)/၁၉(က)/၂၁/၂၂(ခ) တို့ဖြင့် အမှုဖွင့်ထားပြီး လေဆိပ်တွင် ဖမ်းမိခဲ့သည့် ဦးဖြိုးကိုကိုတင့်ဆန်းပါ ၃ ဦးကိုလည်း ဒက္ခိဏ မြို့မ ရဲစခန်းက လက်နက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။