သတင်း

ပုသိမ်မြို့ မီးရထားလမ်းဘေး၌ ရက်သားကလေးငယ်တဦး စွန့်ပစ်မှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ပုသိမ်မြို့ အမှတ် ၃ နယ်မြေ၊ အရှေ့ကိုးသိန်းရပ်ကွက်ရှိ မီးရထားလမ်းဘေးတွင် ၄ ရက်သားအရွယ်ရှိ မွေးကင်းစကလေးငယ် တဦးကို စွန့်ပစ်မှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အရှေ့ကိုးသိန်းရပ်ကွက် မီးရထားလမ်းဘေးတွင် လာရောက် စွန့်ပစ်ထားသည့် ရက်သား အရွယ် ကလေးငယ်ကို အဆိုပါရပ်ကွက်နေ ဒေါ်ဇင်မာသိန်းက စတင်တွေ့ရှိပြီး လမ်းဘေးမှ ကောက်ယူစောင့်ရှောက် ထားကာ ရာအိမ်မှူးမှတဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“ကလေးကို မီးရထားလမ်းဘေးကနေ ကောက်ရတယ်လို့ ကျနော်တို့ဆီ အကြောင်းကြားလာလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ သတင်းပို့ပြီး ကလေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ ကလေးစွန့်ပစ်မှုက ညနေ ၅ နာရီကျော်လောက်မှာ ဖြစ်တယ်လို့ သိရပြီးတော့ ကျနော်တို့လက်ထဲကိုတော့ ည ၈ နာရီဝန်းကျင်မှာ ကလေး ရောက်ရှိလာတာနဲ့ ချက်ခြင်းပဲ ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ပြီး အမြန်ဆုံး ဆေးဝါးစောင့်ရှောက်မှုရအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဆေးရုံရဲ့ ခန့်မှန်းချက်အရ ကလေးက ၄ ရက်သားရှိပြီလို့ သိရပါတယ်”ဟု ပုသိမ်မြို့ အမှတ် ၃ နယ်မြေ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ဧရာဝတီကို ပြောသည်။

အကွက်ကြဲပုဆိုးအဟောင်းကို အနှီးသဖွယ်ပြုလုပ်၍ စွန့်ပစ်ခဲ့သည့် ကလေးငယ်ကို ပုသိမ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဆန်းနု၊ တိုင်းလူမှုဝန်ထမ်းဌာန အရာရှိ ဒေါ်လဲ့လဲ့မော်၊ ဧရာဝတီတိုင်း ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးနှင့် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်တို့ ပါဝင်သည့်အဖွဲ့က လက်ခံရယူကာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ကလေးဆောင်၌ ဆေးရုံမှ တာဝန်ရှိသူများက လက်ခံစောင့်ရှောက်ပေးထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကလေးငယ်ကို လတ်တလောတွင် အစိုးရအစီအစဉ်ဖြင့် စောင့်ရှောက်ထားမည်ဖြစ်ပြီး မွေးစား မည့်သူ မပေါ်ပေါက်ခဲ့ပါက လူမှုဝန်ထမ်းဌာန ကလေးသူငယ်ပြုစုရေးဌာနကို ပို့အပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက ပြောသည်။

“ကျနော်တို့ တိုင်းပြည်မှာ Single Mother တွေ (ခင်ပွန်းမရှိသော ကလေးအမေ) တွေများလာတာဟာ ရင် လေးစရာပါပဲ။ သူတို့ဟာ မတားဆီးမထိမ်းသိမ်းနိုင်ချိန်မှာ မလွဲှမရှောင်သာ ကလေးမွေးလာတော့ မိခင်အဖြစ် မခံယူချင်ကြတော့ဘူး။ ဒီလိုအခြေအနေမှာ ကလေးစွန့်ပစ်မှုတွေ ဖြစ်လာတယ်။ မိခင်စိတ်မရှိသော မိဘတွေလို့ ခေါ်ရမှာပေါ့။ ကိုယ်မကျွေးနိုင်လို့ တာဝန်ခံမွေးတဲ့လူကို ပေးတာက လူသားဆန်ပါသေးတယ်။ လမ်းဘေးမှာ စွန့်ပစ်တာကတော့ လူသားစိတ် ကင်းမဲ့လွန်းတယ်”ဟု တိုင်းကလေးသူငယ် ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။

ယခုနှစ် နှစ်ဆန်းပိုင်းကာလက ကလေးမိခင်တဦးမှာ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုက်ကြီးကျောင်း ဘုန်းတော်ကြီးကျောင်းအနီး ကလေးငယ်ကို စွန့်ပစ်ဖို့ပြင်နေစဉ် မြို့ခံများ ဝိုင်းဝန်းတွေ့ရှိသည့်အတွက် အဆိုပါ အမျိုးသမီးအား လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းဖြောင်းဖျကာ လူမှုရေးအရ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading