ပုသိမ်လေတပ်မှ စက်တင်ဘာလ ၅ ရက်နေ့က လေ့ကျင့်ပျံသန်းရင်း လေယာဉ်မှူး ၂ ဦးနှင့်အတူ ၁ လကျော်ကြာ ပျောက်ဆုံးနေသည့် တပ်မတော် G – 4 လေယာဉ်ကို ရခိုင်ပြည်နယ် ဂွမြို့၏တောင်ဘက် ၁၂ မိုင်အကွာနေရာတွင် ယနေ့ ညနေ ၃ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
“လေယာဉ်ကို ဒီကနေ့ ညနေပိုင်းကပဲ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီ နေရာမှာ ကျနော်တို့ တပ်ဖွဲ့တွေလည်း ရောက်နေပြီ။ တောက အရမ်းနက်တော့ ကျနော်တို့ လေယာဉ်တွေ ဆင်းလို့ မရဘူး။ မနက်ဖြန်မှ တခေါက်ထပ်သွားရမယ်။ အဲဒီနေရာကို လူအင်အား ထပ်ဖြည့်မှာပေါ့။ လေယာဉ်အပိုင်းအစတွေ စတွေ့နေပြီဆိုတော့ အဲ့နားအနီးတဝိုက်ကို ထပ်ရှာလိုက်ရင် ကျန်တဲ့ အစိတ်အပိုင်း တွေလည်း တွေ့မှာပါ”ဟု ပျောက်ဆုံး တပ်မတော်လေယာဉ်ရှာဖွေရေးအဖွဲ့တွင်ပါဝင်သူ အဆင့်မြင့်အရာရှိတဦးက ဧရာဝတီကို ပြောသည်။
တပ်မတော်(လေ) မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်နှင့် တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးတို့ မောင်းနှင်၍ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်း အတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီး ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပျောက်ဆုံးဂျက်လေယာဉ်အား တပ်မတော်လေယာဉ်များနှင့် မြေပြင်တပ်များဖြင့် နေ့စဉ်ရှာဖွေခဲ့ရာ ရှာဖွေမှု ၄၄ ရက် မြောက်နေ့တွင် မြေပြင်တပ်များက လေယာဉ်အစိတ်အပိုင်း တချို့အား တွေ့ရှိခဲ့သော်လည်း လေယာဉ်မှူး ၂ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ယနေ့ ရှာဖွေတွေ့ရှိသည့် G-4 ဂျက်လေယာဉ်၏အစိတ်အပိုင်းများမှာ လေယာဉ်ဦးခေါင်း အစိတ်အပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်းအပိုင်းအစ များနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူး တို့ဖြစ်ပြီး အဆိုပါပစ္စည်းများအား ဂွမြို့၏ တောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ လေယာဉ်ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ၎င်းဂျက်လေယာဉ်ကိုမောင်းနှင်ခဲ့သည့် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးနှင့် ကျန်ရှိလေယာဉ်အစိတ်အပိုင်းတု့ိအား ဆက်လက် ရှာဖွေလျက်ရှိပြီး လေယာဉ်ပျက်ကျသွားသည့် အကြောင်းအရင်းအား ဖော်ထုတ်သိရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။