အားကာစား ဝန်ကြီးဟောင်း ဦးတင့်ဆန်း ၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း၏ အမှုကြောင့် နေပြည်တော်တွင် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကို စိတ်ပူမိကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။
“အတိုင်ပင်ခံကြီးရဲ့ လုံခြုံရေးကို လွန်စွာ စိုးရိမ်ပါတယ်။ တန်ဖိုးလည်းထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံလို ပုဂ္ဂိုလ် လို လူမျိုးက တခေတ်မှာတယောက် လူ့သက်တမ်းတခုမှာ နှစ် ၆၀၊ ၇၀ မှာ တယောက် ပေါ်ထွန်းတဲ့ ခေါင်းဆောင် ကောင်း တယောက် ဖြစ်ပါတယ်။ နောင်မှာလည်း ဒီလို ခေါင်းဆောင်မျိုး ပေါ်ထွန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု ယနေ့ ပြည်သူ့ လွှတ်တော်တွင် မီဒီယာများ သို့ ပြောသည်။
နေပြည်တော်တွင် လက်ရှိ နေထိုင်လျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က မီဒီယာများသို့ ပြောဆိုထားပြီး တပ်မတော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေး ဂရုစိုက်ရန် သတိပေးမှုများ ရှိခဲ့သည်။
ဦးဖြိုးကိုကိုတင့်ဆန်း၏ အမှုဖြစ်စဉ်ကို လေ့လာကြည့်ရာတွင် အလွန်သိမ်မွေ့နေသဖြင့် ယင်းဖြစ်စဉ်အပေါ် ယခု အချိန် တွင် သဘော ထားထုတ်ဖော်ပါက စကားကျွံနိုင်သောကြောင့် နောက်ဆက်တွဲကိစ္စရပ်များကို ဆက်လက် စောင့်ကြည့် ရဦးမည် ဖြစ်ကြောင်း သူရ ဦးအောင်ကိုက ဆိုသည်။
သူရ ဦးအောင်ကိုက“ဒီကိစ္စက ပြောရမှာ သိမ်မွေ့ပါတယ်။ လေဆိပ်က သွားတိုင်း အိတ်တွေကို X-Ray ဖြတ်ရပါတယ်။ လူတိုင်း ဖြတ်ရပါတယ်။ ဘယ်လေဆိပ်မဆိုမှာ ဖြတ်ရပါတယ်။ VIP ဆိုတာ မရှိပါဘူး။ အခုလည်း အဲဒီအထဲ ဖြတ်တဲ့ အခါမှာ လက်နက်သွားတွေ့တော့ လက်နက်ထည့် ထားတဲ့အိတ်ကို သတ္တိရှိရှိနဲ့ အဖြတ်ခံတာကိုက စဉ်းစားစရာတွေ အများကြီး ဖြစ်ပါတယ်”ဟုလည်း ပြောသည်။
အမှုဖြစ်စဉ်ကို လေ့လာကြည့်ရာတွင် ၎င်းတို့တွင် ရှိနေသည့် ယူနီဖောင်း၊ အသုံးအဆောင်များ၊ ဒရုန်းများ၊ တပ်စိတ် တစုစာ လက်နက်များ က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် လုံးဝ မဖြစ်နိုင်ဘဲ အများပြည်သူ၏ လုံခြုံရေးကို ခြိမ်းခြောက် နိုင်ခြင်းကြောင့် သက်ဆိုင်ရာ ပြည်ထဲရေး၊ တရားရေး တာဝန်ရှိသူများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက် သင့်ကြောင်း ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကလည်း ပြောသည်။
“ဒီလောက်လက်နက်တွေ ကိုင်ဆောင်ထားတာဟာ ဒီလောက် မိလိုက်ပြီ ဆိုကတည်းက အများပြည်သူကြားမှာ အထိတ် တလန့်တွေ ဖြစ်စေတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ထက် အများပြည်သူရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အပိုင်းကို ရောက်သွားပြီ။ အမှုတွေက မူးယစ်ဆေးဝါးတွေရော Security အသွင်ယူတဲ့ အပိုင်းတွေရော ဆိုတော့ ဒီဟာ က သေးငယ်တဲ့အမှု တခုတော့ မဟုတ်ပါဘူး”ဟုလည်း ဒေါ်ဇင်မာအောင်က ဆိုသည်။
၎င်းကဆက်၍ “သေချာတာကတော့ ဥပဒေရဲ့ ပြင်ပကို ရောက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မဟုတ်ရင် ဘာလုပ်ဖို့လဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ။ ဘာလုပ်ဖို့လဲဆိုတာ ကျမတို့အနေနဲ့ ပြောဖို့ မသင့်ပေမယ့် လူတိုင်းမှာ မှန်းဆနိုင်တဲ့ အသိ ဉာဏ်တွေ ရှိကြတာပဲ။ မိလိုက်လို့သာ ဘာမှ မဖြစ်တာ”ဟု ပြောဆိုသည်။
ယခုအခါ နေပြည်တော် နှင့် ရန်ကုန်မြို့တွင် လက်နက်၊ မူးယစ်ဆေးဝါးများ ဖမ်းမိသော ဦးဖြိုးကိုကိုတင့်ဆန်းတို့ အမှုတွင် အနည်းဆုံး လူ ၁၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဆက်လက် ရှာဖွေခံနေရ သူများလည်း ရှိကြောင်း၊ ဖြစ်စဉ်တွင် လက်နက်ပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁၀၀၀ ကျော်၊ လုံခြုံရေး တာဝန် ရှိသူများ ဝတ်သည့် အဝတ် အစားများ၊ ရဲကားပုံစံ ကားများကိုပါ သိမ်းဆည်း ရမိထား၍ အမှုများစွာဖြင့် တရား ရင်ဆိုင်ရမည် ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။