မိုးရွာသွန်းမှုကြောင့် ပုဂံမြို့ဟောင်းရှိ ရွှေဆံတော်ဘုရားကြီး၏ အရှေ့တောင်ဘက်ခြမ်း ပထမပစ္စယံ၏ အောက်ခြေပိုင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ ဘုရားပေါ် တက်ခွင့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြောသည်။
ပထမပစ္စယံ၏ အောက်ခြေပိုင်း ပြိုကျမှုမှာ အောက်တိုဘာ ၁၈ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် ရှင်းလင်းရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် စီမံဆောင် ရွက်ထားကြောင်း ပုဂံ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဧရာဝတီကို ပြောသည်။
“အခုပြုပြင်မှု လုပ်ငန်းတွေ ဆောင်ရွက်ရမှာလည်းတပိုင်း၊ နောက်တခုက တခြားနေရာတွေမှာရော အလားတူဖြစ်နိုင်လား မဖြစ်နိုင်လား စသဖြင့် ကြံ့ခိုင်မှုလေးတွေ စိစစ်ဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် စိစစ်မှုလုပ်နေတဲ့ အချိန်လေး မှာတော့ ကျနော်တို့ ခေတ္တပိတ်ထားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ယခင်က ပုဂံဒေသ၏ နေဝင်ချိန်ကြည့်ရှုခြင်းကို ဘုရားငါးဆူတွင် ခွင့်ပြုထားသော်လည်း ၂၀၁၆ သြဂုတ်လက လှုပ်ခတ် ခဲ့သည့် ငလျင်အပြီး ပုဂံဒေသရှိ ဘုရားစေတီ အများအပြား ထိခိုက်ပျက်စီးခဲ့၍ အနည်းငယ်စိတ်ချရသည့် ရွှေဆံတော်နှင့် တောင်ဂူနီ ဘုရားနှစ်ဆူသာ တရားဝင်ခွင့်ပြုထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြိုကျမှုဖြစ်စဉ်သည် သဘာဝဘေးအန္တရာယ်ကြောင့် ဆိုသော်လည်း ရွှေဆံတော်ဘုရား ပေါ် သို့ ပုဂံနေဝင်ချိန် ကြည့်ရန် ခရီးသွား ၁၀၀၀ ခန့် နေ့စဉ်တက်ရောက်သည့် ဒဏ်ကသွယ်ဝိုက်သော နည်းဖြင့် အကျိုးသက်ရောက်မှုရှိကြောင်း ဦးအောင်အောင်ကျော်က ထောက်ပြပြောဆိုသည်။
ရွှေဆံတော်ဘုရားအား မည်သည့်အချိန်အထိ ပိတ်ထားမည်ကိုမူ အတိအကျမပြောနိုင်သေးကြောင်း၊ ယခုကဲ့သို့ ပြိုကျခြင်း သည် ပုဂံမြို့ကို ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ရန် UNESCO သို့ တင် ပြထားမှုအပေါ် သက်ရောက်မှုမရှိနိုင်သော်လည်း ပုဂံဒေသကို UNSCEO ဝင်ရောက်ရန် ကြိုးစားနေ သည့်အချိန်တွင်ဖြစ်စေ၊ အသိအမှတ်ပြုခံရ၍ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်သွား သည့်အချိန် တွင်ဖြစ် စေ ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေရဦးမည် ဖြစ်သကဲ့သို့ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးမှုများလည်း ရှိနေဦးမည်ဖြစ်ကြောင်း၊ ပြုပြင်ထိန်းသိမ်းသည့်နေရာတွင်သာ UNSCEO ကချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ရှင်းပြသည်။
ပုဂံဒေသကိုယ်စားပြု ပုဂံဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်နုကလည်း “အခုပုဂံမှာက မိုးက နည်းနည်းလေး ရွာတာ စိပ်နေတယ်။ ကြံ့ခိုင်မှုအားဖြင့်ပေါ့နော် မိုးရေစိမ့်ဝင်သွားပြီး အုတ်တွေက လည်း ၁၁ ရာစုအုတ်တွေဆိုတော့ အောက်ခြေက နေပြီး နဂိုကတည်းက အက်ကြောင်းရှိတယ်။ အဲဒီကနေ ပြိုကျတာ” ဟု ပြောသည်။
ပုဂံရှေးဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ ပြိုကျခြင်း သည် စနစ်တကျ ထိန်း သိမ်းမှုများ ပိုမိုလိုအပ်ကြောင်းကို ဖော်ပြနေသည်ဟု ပုဂံဒေသခံအဖွဲ့အစည်း များက ပြောဆိုသည်။