ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများ ဘေးအန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေးနှင့် ကူညီထောက်ပံ့ရေး အေဂျင်စီဝန်ထမ်းများ ဝင်ရောက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံကို ၅ ရက်ကြာ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် ကုလသမဂ္ဂ အဆင့်မြင့် တာဝန်ရှိသူတဦးသည် ၎င်း၏ ခရီးစဉ်အပြီး တစုံတရာ အဖြေမထွက်သေးကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ထွက်ပြေးရသည့် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီ ၅၈၂၀၀၀ အကျပ်အတည်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ နိုင်ငံရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ဂျက်ဖရီဖက်မန်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
ဂျက်ဖရီဖက်မန်းသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ရခိုင်ပြည်နယ်ဘက်သို့ လေကြောင်းဖြင့် ဆက်လက်ထွက်ခွာကာ ကျေးရွာများကို ကြည့်ရှုခဲ့သည်။
ဂျက်ဖရီဖက်မန်း၏ ဆွေးနွေးချက်များသည် ရခိုင်ပြည်နယ်အခြေအနေနှင့် သြဂုတ်လ ၂၅ ရက်နေ့ လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲစစ်ဆင်ရေးများအပြီး ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးရသည့် ဒုက္ခသည်များအရေးတို့ကို အာရုံစိုက်ခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
“ လူသားချင်းစာနာမှုလုပ်ငန်းတွေ ရခိုင်ပြည်နယ်ကို အဟန့်အတားမဲ့ အပြည့်အ၀ သွားရောက်ခွင့်ပေးဖို့နဲ့ ဒုက္ခသည်တွေ သူတို့ မူရင်းဒေသတွေကို ဆန္ဒအလျှောက် ဘေးကင်းသိက္ခာရှိစွာ ပြန်လာနိုင်ရေး အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ တောင်းဆိုမှုတွေကို မစ္စတာ ဖက်မန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ပူပန်များကို ဖြေရှင်းရန်နှင့် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကို ပြန်လည်လက်ခံရန်အတွက် အစီအစဉ်နှင့် မူဝါဒများဆိုင်ရာ မိန့်ခွန်းအပါအဝင် မြန်မာအစိုးရ၏ ကြေညာချက်များကို ဂျက်ဖရီဖက်မန်းကအသိအမှတ်ပြုပြီး ထိုရည်ရွယ်ချက်များကို မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖေါ်ရေးအတွက် အာဏာပိုင်များအနေဖြင့် ကုလသမဂ္ဂ ၏ စွမ်းရည်များ၊ အလေ့အထကောင်းများ၊ အတွေ့အကြုံများကို အသုံးချရန်လည်း တိုက်တွန်းခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးစီးသော “ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ”ကို ဖွဲ့စည်းကြောင်း ကြေညာပြီး ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ နေရာချထားရေးနှင့် အထောက်အပံ့ အကူအညီများ ထိထိရောက်ရောက် ဖြစ်ရေးတို့ကို လုပ်ဆောင်မည်ဟု သမ္မတ ဦးထင်ကျော် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Scot Alan Marciel နှင့် မကြာသေးမီက တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်မှလည်း ကူညီဆောင်ရွက်နေကြောင်း ပြောဆိုသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသူများကို ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံသဘော တူညီမှုများအရ ပြန်လည် လက်ခံ သွားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး ဘင်္ဂါလီများ လက်ခံမည့် အချိန် ကာလမှာ ယင်းဆွေးနွေးညှိနှိုင်းမှုရလဒ်နှင့် စိစစ်မှုအခြေအနေများအပေါ်တွင် မူတည်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။