အလံတရာ ဆရာတော် ပြန်လည် ဝင်စားသူဟု ဆိုပြီး မိမိကိုယ်ကိုယ် ဘုရားလောင်းဟု သတ်မှတ် ထားသူ “ခွန်တန်” အား ဖမ်းဆီး နိုင်ရန် အတွက် ပြည်နယ် အစိုးရမှ ဆောင်ရွက် နေစဉ် ထွက်ပြေး တိမ်းရှောင် သွားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုပါသည်။
လက်ရှိတွင် “ခွန်တန်” ခေါ် “ဇာတ်လိုက်” ဆိုသူသည် ရှမ်းပြည်နယ် ဟိုပုံးသို့ ထွက်ပြေး တိမ်းရှောင် နေသည်ဟု သတင်း ရရှိထားပြီး ၎င်းအား ဖမ်းဆီး ရမိနိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ် ဆောင်ရွက် နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။
“မွန်ပြည်နယ် အစိုးရ အဖွဲ့ ကက်ဘိနက် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သာသနာ ညှိးနွမ်းစေမှု ပုဒ်မနဲ့ ဖမ်းခိုင်းတာ၊ ခွန်တန် ထွက်ပြေး လွတ်မြောက် သွားတယ်၊ ကျန်တဲ့လူတွေ မိထားတယ်” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
“ခွန်တန်” ဆိုသူသည် ၎င်းကိုယ်ကို ဘုရားလောင်း အဖြစ် ခံယူ ထားပြီး ဒေသခံများအားလည်း ၎င်းအား ဘုရားလောင်း ဖြစ်ကြောင်း ကိုးကွယ် ယုံကြည် လာစေရန် အမျိုးမျိုး ပြုမူ ပြောဆိုပြီး တချိန်ချိန်တွင် တောထွက်မည် ဖြစ်၍ တောမထွက် မှီတွင် အမျိုးသမီး ငယ်များနှင့် ပေါင်းသင်း ဆက်ဆံ နေထိုင်ခြင်းသည် သိန္ဓိတင်သည်ဟု ဒေသခံများအား ယုံကြည် စေခဲ့သည်။
အရွယ် မရောက်သေးသည့် အမျိုးသမီးငယ် များအား သားမယား အဖြစ် ပေါင်းသင်း နေထိုင်ပြီး ဒေသခံများ အခေါ်အဝေါ် အရ ပန်းဦးဆက်ပေးရကာ ထိုသို့ ပြုလုပ် နေသည်မှာလည်း ၅ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ပအိုဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်ကလည်း ပြောသည်။
“ကျမတို့ကို လာရောက် တိုင်ကြားတဲ့ တိုင်ကြားစာ တွေထဲမှာ မိဘ ကိုယ်တိုင် တိုင်တာ ပါတယ်။ ဒါကြောင့်မို့လည်း ဒီအကြောင်းအရာကို ရဲရဲတင်းတင်း ကိုယ်တွယ်တာပါ” ဟု ဒေါ်စံဝင့်ခိုင်က ပြောသည်။
အလံတရာ ဆရာတော် ဝင်စားသူ ဖြစ်၍ အလံတရာ သာသနာ့နယ်မြေသည် ၎င်းပိုင်မြေ ဖြစ်၍ ဤမြေပေါ်တွင် နေထိုင် လိုပါက မိမိအား ပန်းဦး ဆက်စေရန် လည်းကောင်း၊ ဆင်းရဲ နွမ်းပါး သူများအား အခကြေးငွေ မက်လုံး ပေး၍ ပန်းဦး ဆက်စေရန် လည်းကောင်း ၊ ပန်းဦး မဆက်နိုင်ပါက သာသနာ့ နယ်မြေအတွင်း နေထိုင်ခွင့် မပြုဟု ခြိမ်းခြောက်၍ လည်းကောင်း အမျိုးမျိုး ပြုလုပ်ကာ အရွယ် မရောက်သေးသည့် အမျိုးသမီး ငယ်များအား အဓမ္မ ပေါင်းသင်း နေထိုင် ခဲ့ကြောင်း သိရသည်။
“အသိပညာ နည်းကြတော့ ဒေသခံ တွေကလည်း သူက ဘုရားလောင်းမို့ အဲဒီလို ပန်းဦး ဆက်ရင် သိန္ဓိမြောက်တယ် ဆိုပြီး ယုံကြည် နေကြတယ်၊ မိဘများသည် လည်းပဲ ယုံကြည်မှု မလွန်ကဲ ပါစေနဲ့၊ ခြိမ်းခြောက်တိုင်း မကြောက်ပါနဲ့လိုတော့ မှာချင်တယ်” ဟု ဒေါ်စံဝင့်ခိုင်က ပြောသည်။
ထိုကဲ့သို့ အမျိုးသမီးငယ်များအား အဓမ္မ ပေါင်းသင်း နေထိုင် နေသည့် “ခွန်တန်” အား ဖမ်းဆီးရမိ နိုင်ရေး အတွက် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ သံဃာများ ပါဝင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့၍ ကနဦး လေ့လာ စုံစမ်း ခဲ့ပြီးနောက် ဓမ္မစက်ဖြင့်လည်း နှစ်ကြိမ် တိုင်တိုင် သတိပေး ခဲ့ပြီး မလိုက်နာသည့် အဆုံး၌ အာဏာစက် သုံး၍ ဖမ်းဆီး နိုင်ရန်အတွက် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီး နိုင်ရန် ကြိုတင် ဆောင်ရွက် နေစဉ်၌ ကြိုတင် သတင်းပေါက်ကြားမှုကြောင့် ခွန်တန်မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးဇံက ရှင်းပြသည်။
ခွန်တန်၏ လှုပ်ရှားမှု များအား လေ့လာ စုံစမ်း ခဲ့သည့် သထုံ မဲဆန္ဒနယ်မှ နယ်မြေခံ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်၊ မွန်ပြည်နယ် လွှတ်တော်၏ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မီတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့မှလည်း ၎င်းတို့အား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများ ခံခဲ့ရကြောင်း ပြောသည်။
“သတ်မယ်ဖြတ်မယ် ဆိုပြီး အွန်လိုင်းကနေ ခြိမ်းခြောက်တယ်၊ ကျမ တယောက်တည်း မဟုတ်ပါဘူး ၊ ပအိုဝ့်တိုင်းရင်းသား ရေးရာ ဝန်ကြီးဆီကိုလည်း ခြိမ်းခြောက် တာတွေ ရှိနေပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
“ခွန်တန်” အား ပန်းဦး ဆက်ရသည့် ဓလေ့သည် မရှိသင့်တော့သည့် မကြားဝံမနာသာ ဓလေ့ တခု ဖြစ်ကာ ၎င်းကိစ္စအား မွန်ပြည်နယ် အစိုးရနှင့် ညှိနှိုင်း၍ သေချာပေါက် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု သာသနာရေးရာ ဝန်ကြီး သူရ ဦးအောင်ကိုက ဧရာဝတီ၏ နေပြည်တော်၌ တွေ့ဆုံ မေးမြန်းမှုကို ဖြေကြား ပေးခဲ့သည်။
“ခွန်တန်” သည် သထုံ ဒေသခံ မဟုတ်ပဲ ရှမ်းပြည်နယ်မှ လာရောက်သူ ဖြစ်ပြီး အလံတရာ ဆရာတော် ပျံလွန် တော်မူပြီးနောက် ၎င်းကိုယ်ကို ဆရာတော် ဘုရား ဝင်စား သူဟု အလံတရာ သာသနာ့ နယ်မြေတွင်း နေထိုင်သူများအား အယုံသွင်းခဲ့သည်။
၎င်းသည် ဘုန်ကြီးဝတ် ၊ လူဝတ် အမျိုးမျိုးဖြင့် နေထိုင် နေပြီး အလံတရာ နယ်မြေမှ အရွယ် မရောက် သေးသည့် အမျိုးသမီး ငယ်မျာအား ပေါင်းသင်း နေထိုင်ခြင်း ၊ အရက်သေစာနှင့် မူးယစ်ဆေးဝါး မှီဝဲခြင်း ၊ ရောင်းဝယ် ဖောက်ကားခြင်း များကို လူငယ် များဖြင့် ဂိုဏ်းဖွဲ့ကာ ဆောင်ရွက် နေသည်ဟု စုံစမ်း သိရှိ ခဲ့သဖြင့် ပြည်နယ် အစိုးရမှ ဖမ်းဆီး နိုင်ရန် စတင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။