သတင်း

ကျပ်သိန်း၃ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိဟု TNLA ထုတ်ပြန်

တရုတ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအထူး အဖွဲ့၏ သတင်းပေးချက်အရ တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့ နမ့်စန်း ကျေးရွာအနီးတွင် ကျပ်သိန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများနှင့် M-22 အမျိုးအစား လက်နက်ငယ် ၂ လက်ကို ဖမ်းဆီးရမိကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထုတ်ပြန်သည်။

TNLA အား တရုတ်ပြည် ရွှေလီမြို့ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးအဖွဲ့က မူဆယ်မြို့ နမ့်စန်းရွာမှ ရွှေလီ ဘက်သို့ တရားမဝင် နယ်စပ်လမ်းမှ မူးယစ်ဆေးများ သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းပေး ဖမ်းဆီး ပေးရန် အကူအညီတောင်းသဖြင့် အောက်တိုဘာ ၁၈ရက် ည ၁၁နာရီခန့်က နမ့်စန်းကျေးရွာအနီး စောင့်ဆိုင်း ရှာဖွေရာ ကာလပေါက်ဈေး ကျပ် သိန်း၃သောင်းကျော်(၃၇၄၉၅သိန်း) တန်ဖိုးရှိ ဘိန်းဖြူ ၂.၅ ကီလို၊ ယာဘစိတ်ကြွ ဆေးပြား ၁၈၆၆၀၀၀၊ ဘိန်းမဲ ၁၀ပိဿာနှင့် M-22 အမျိုးအစား လက်နက်ငယ် ၂လက်နှင့် ကျည် ၄၅ တောင့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းမိသည့် တရားခံအား စစ်ဆေးရာ ၎င်းတို့က ပန်ဆေးပြည်သူ့စစ် စခန်းဘက်မှ သယ်ဆောင်လာခြင်း ဖြစ် ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ မဟုတ်ဘဲ အထက်လူကြီးမှ မူးယစ်ဆေးဝါးများကို တဖက်ကမ်းရှိ ရှမ်းလူမျိုး(RCSS တပ်ဖွဲ့ဟု သိရသော) ထံပေးပို့ရန် တာဝန်ပေး ခိုင်းစေခဲ့ကြောင်း၊ ယခင်ကလည်း မူးယစ် ဆေးဝါးများ အကြိမ်ကြိမ် ပို့ဆောင်ပေးခဲ့ရကြောင်း ထွက်ဆိုပြောကြားသည်ဟု TNLA ၏ ထုတ် ပြန်ချက်တွင် ဆိုထားသည်။

TNLA မှ ဖမ်းဆီးရမိသူများသည် ဦးအိုက်စိုင်း (၃၅နှစ်) ၊ ဦးတော်ရှဖူး (၄၁နှစ်)၊ ဦးဂျာလဝှ (၃၈ နှစ်)တို့ဖြစ်ပြီး ၎င်းတို့သည် ပန်းဆေးပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်တဲ့ သတင်းကတော့ အခြေအမြစ်မရှိဘူးပေါ့နော်။ ဒါကတော့ အခြေအမြစ်မရှိတဲ့ သတင်းလို့ မှတ်ယူရမှာပေါ့နော်။ ဘာတခုမှလည်း တိတိကျကျမရှိဘူး။တဖက်မှာလည်း တပ်မတော်က သူတို့ မြဝတီသတင်းဌာနကနေ စစ်ဆင် ရေးမှာ PSLF က မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိ တယ်ဆိုပြီးတော့ ထုတ်ဖော် ပြောပြပြီးတဲ့ နောက်ပိုင်းမှာ ဒီလိုမျိုး သတင်းထွက်လာတယ်ဆိုတာကတော့ စဉ်းစားစရာဖြစ်နေမလားလို့ပေါ့ ကျနော်တို့ကတော့ အဲ့ဒီလိုပဲ မြင်ပါတယ်”ဟု ပြောသည်။

TNLA လက်နက်ကိုင်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ဇွန်လက ၎င်းတို့၏ လှုပ်ရှားနယ်မြေ တနေရာအတွင်း ဖမ်းဆီးရမိ သည့် မူူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည့် အခမ်းအနားတရပ် ကျင်းပခဲ့သေးသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)သည် NCA ကို လက်မှတ်ရေးထိုးထားပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၁၁ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း RCSS ဘက်မှ ပြောသည်။

Loading