သတင်း

ကချင်ပြည်နယ် လုံးခင်းကျောက်စိမ်းမှော်တွင် ရေမဆေးကျောက် ရှာသူ ၅ ဦး ပစ်သတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် လုံးခင်းကျောက်စိမ်းမှော်တွင် ဗုဒ္ဓ ဟူးနေ့ နေ့လယ်က လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက် ရှာသူ ၅ ဦး သေဆုံးပြီး အနည်းဆုံး လူ ၂၀ ဒဏ်ရာ ရှိသွားသည်။

ရဲတပ်ဖွဲ့ဝင်များသည် တရုတ်မြန်မာ ဖက်စပ်လုပ်ငန်းဖြစ်သော တစ်သုံးလုံး ကုမ္ပဏီ (Triple One) ၏ ဆန့်ခါ ကျေးရွာအနီးရှိ ငိုပင်ဖဝါ ကျောက်စိမ်းလုပ်ကွက်တွင် ကျောက်စိမ်း အကြွင်းအကျန်များကို ရှာဖွေနေသော ရေမဆေးကျောက် ရှာသူ ၂ ဦးကို ဟန့်တားရန် ကြိုးစားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များက ကျောက်ခဲနှင့် ပစ်ခတ်သောကြောင့် ရေမဆေးကျောက် ရှာသူများ ဒဏ်ရာရရှိပြီး မကျေမနပ် ဖြစ်ကြသည် ဟု ၎င်း၏ လုံခြုံရေးအခြေအနေကို စိုးရိမ်ရသောကြောင့် အမည် မဖော်လိုသူ မျက်မြင်သက်သေတဦးက ပြောသည်။

“ဒေါသထွက်နေတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ စုမိလာပြီး ရဲတွေနဲ့ ထိပ်တိုက် တွေ့ကြတာပဲ” ဟု ထိုမျက်မြင် သက်သေက ပြောသည်။

ထိုနောက် ရေမဆေးကျောက် ရှာသူများက ကျောက်စိမ်းတွင်း လုံခြုံရေး တာဝန်ယူထားသော ရဲများကို တိုက်ခိုက်ပြီး မြေတူးစက် တစီးကို ဖျက်ဆီးခဲ့သည် ဟု ထိုမျက်မြင်သက်သေကပင် ပြောသည်။

“ရေမဆေးကျောက် ရှာသူတွေနဲ့ ရဲတွေ တဖက်နဲ့ တဖက် ခဲတွေနဲ့ပေါက်ကြတာ။ နှစ်ဖက်လုံးမှာ ဒဏ်တွေ ရကုန်ပြီး နောက်တော့ ရဲတွေက သေနတ်နဲ့ ပစ်တယ်။ ၅ ယောက် ပွဲချင်းပြီး သေသွားတယ်” ဟု သူက ရှင်းပြပြီး ဒဏ်ရာရသူများ အနက် ၉ ဦး၏ အခြေအနေမှာ စိုးရိမ်ရသည် ဟုလည်း ဆိုသည်။ ရဲမှူးကြီး တဦးအပါအဝင် ရဲတပ်ဖွဲ့ ၂ ဦး ဒဏ်ရာရသည် ဟုလည်း မျက်မြင်သက်သေများက ပြောသည်။

ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း လုံးခင်းရဲစခန်းက ပြောသော်လည်း အခြားအချက်အလက်များကို ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိသူများကို မြစ်ကြီးနားရှိ ဆေးရုံသို့ပို့ဆောင်ပြီး ကျန်သူများကို လုံးခင်းဆေးရုံသို့ ပို့ထားကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“တချို့နေရာတွေမှာ ရေမဆေးကျောက် ရှာသူတွေကို အချိန် အကန့်အသတ်နဲ့ ရှာခွင့်ပြုထားပါတယ်။ အခု ဖြစ်တာက ရေမဆေးကျောက် ရှာသူတွေက ခွင့်ပြုချိန် မတိုင်မီ သွားတော့ ဟိုမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြဿနာတက်ကုန်တာလို့ ကနဦး သိထားရတယ်” ဟု ဖားကန့်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလရှီဒါဆိုင်က ပြောသည်။

ထိုနေရာတွင် အခြေအနေကို တည်ငြိမ်သွားပြီဟုလည်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading