ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သော မြောက်ကိုရီးယားကုမ္ပဏီနှင့် သက်ဆိုင်သူဟု သံသယရှိသည့် သံကိုယ်စားလှယ်တဦးကို မြန်မာက နှင်ထုတ်ခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းသော မြန်မာ၏ အစီရင်ခံစာက ဆိုကြောင်း တောင်ကိုရီးယား သတင်းတပုဒ်က ရေးသား ဖော်ပြသည်။
“သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် ဆောင်ရွက်နေသော ဒီမိုကရက်တစ် ပြည်သူ့ ကိုရီးယား သမ္မတ နိုင်ငံသား မစ္စတာ ကင်ချိုနမ်း (Kim Chol Nam)ကို နိုင်ငံတော်အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သော အရေးယူဆောင်ရွက်မှုများ လုပ်ခဲ့သည်”ဟု ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြောက်ကိုရီးယား ဒဏ်ခတ်ပိတ်ဆို့ရေး ကော်မတီ ဝက်ဘ်ဆိုက်တွင် တင်ထားသော အစီရင်ခံစာတွင် ရေးထားကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြသည်။
အစီရင်ခံစာအရ ကင်ချိုနမ်းသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒဏ်ခတ်ပိတ်ဆို့ထားသော ကိုရီးယား သတ္တုတွင်း ဖွံ့ဖြိုးရေး ကုန်သွယ်မှု ကော်ပိုရေးရှင်း Korea Mining Development Trading Corporation (KOMID) နှင့် ဆက်စပ်ပတ်သက်နေကြောင်း သိရသည်။
မြောက်ကိုရီးယား သံရုံးက ၎င်းအား ပြန်လည်ထွက်ခွာစေလိုမှုကို ဧပြီလအတွင်း လက်ခံရရှိခဲ့ကြောင်း၊ ကင်ချိုနမ်းနှင့် ၎င်း၏ မိသားစုမှာ မြန်မာနိုင်ငံမှ ဇွန်လအတွင်း ပြန်လည်ထွက်သွားခဲ့ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
KOMID သည် ပြုံယမ်း၏ လက်နက်များ၊ တိုက်ချင်းပစ်ဒုံး ဆက်စပ်ပစ္စည်းများ တင်ပို့ရောင်းချမှုကို လမ်းကြောင်းရှာပေးသည့် မြောက်ကိုရီးယားကုမ္ပဏီဟု ယုံကြည်နေကြပြီး ၂၀၀၉ ခုနှစ်မှ စပြီး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းဝင်ခဲ့သည်။
မြန်မာသည် အထူးသဖြင့် စစ်အစိုးရဟောင်းလက်ထက်တွင် မြောက်ကိုရီးယားနှင့် နီးစပ်ခဲ့သည်။ မြောက်ကိုရီးယား ဒဏ်ခတ်ပိတ်ဆို့ရေး အကောင်အထည်ဖော်မှု အစီရင်ခံစာကို မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် တင်သွင်းခြင်း ဖြစ်သည်။
“ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် မြန်မာအနေဖြင့် အပြည့်အဝ ကတိပြုပါသည်”ဟု ၎င်းအစီရင်ခံစာတွင် ရေးထားသည်။