သတင်း

ရှမ်းစစ်ဘေးရှောင်ဒုက္ခသည် ၆ ထောင်ကျော် ခိုလှုံရာ စခန်းအချို့ ရိက္ခာပြတ်လပ်

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်ဒုက္ခသည်စခန်း ၆ ခုအနက် တခုမှာ ရိက္ခာပြတ်နေပြီဖြစ်ပြီး ကျန်စခန်း ၅ ခုမှာ ယခုအောက်တိုဘာလ လကုန်ထိသာ စားနပ်ရိက္ခာ ရှိတော့သည်ဟု သတင်းရရှိသည်။

ရှမ်းစစ်ဘေးရှောင်ဒုက္ခသည်စခန်း ၆ မှာ ကောင်းမုန်မုန်း၊ လွိုင်ကော်ဝမ်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ် နှင့် ကုန်းကျော် ဒုက္ခသည်စခန်းတို့ဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည် ၆၂၀၀ ကျော် နေထိုင်သည်။

ကုန်းကျော်စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ စက်တင်ဘာလ၊ လကုန်ထိသာ ရိက္ခာ အထောက်အပံ့ရခဲ့ပြီး ကျန်စခန်း ၅ ခုမှာ ယခုလ အောက်တိုဘာ လကုန်ထိသာ ရိက္ခာရတော့သည်ဟု သိရသည်။

ကုန်းကျော်ဒုက္ခသည်စခန်းမှ ဥက္ကဌ ဦးလုံးစိုင်လင်းက “ကျနော်တို့စခန်းမှာ စက်တင်ဘာလက ရိက္ခာ ရတာ နောက်ဆုံး ပါပဲ။ ဒီလဘာမှ မရတော့ပါဘူး။ လက်ရှိဖြစ်သလိုပဲ ရှိတာလေး ကြံဖန် စားနေရတယ်။ ထိုင်းဘက်က ကြက်သွန်၊ ငရုတ်သီး လယ်အလုပ်ရမလား မျှော်နေကြတာ။ ဒီနှစ်မိုးများတော့ အလုပ်တွေ မစနိုင်ကြသေးဘူးတဲ့။ အဲဒါလေး စရင်တော့ အလုပ်လေး နည်းနည်းရကြမလားမျှော်နေတာ” ဟု ပြောသည်။

အဆိုပါ စခန်း ၆ ခုမှ စစ်ရှောင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးတို့ကို ဗြိတိန်၊ အမေရိက၊ အိုင်ယာလန် ၊ ကနေဒါ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန် ၊ သြစတေလျနှင့် နော်ဝေးနိုင်ငံတို့မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs) များ ပေါင်းစပ်ထားသည့် နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်းအဖွဲ့ (The Border Consortium –TBC) က ထောက်ပံ့နေခြင်း ဖြစ်သည်။

TBC က ရှမ်းဒုက္ခသည်စခန်း ၆ ခုအနက် ၎င်းတို့ ထောက်ပံံနေသည့် လွိုင်ကော်ဝမ်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ် နှင့် ကုန်းကျော် ဒုက္ခသည်စခန်း ၅ ခုအပေါ် ထောက်ပံ့နေမှုများအား ရပ်ဆိုင်းနိုင်ဖွယ်ရှိကြောင်းကို ၂၀၁၅ ခုနှစ်ကတည်းက ပြောဆိုထားကြောင်း၊ အောက်တိုဘာလတွင် ထောက်ပံ့မှုများ ရပ်ဆိုင်းမည့် သတင်းကိုလည်း ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက ကြိုတင်ပြောဆိုထားသည်ဟု သိရသည်။

ရှမ်းပြည်ဒုက္ခသည်များကော်မတီ၊ အတွင်းရေးမှူးဖြစ်ပြီး လွိုင်ကော်ဝမ်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ဦးလုံးစိုုင်းပိန်းက “ကျနော်တို့က အောက်တိုဘာလအတွက်က ကြိုပေးထားလို့ ရထားတာ။ နိုဝင်ဘာအတွက် ဖြတ် လိုက်ပြီ။ အခုလည်း လကုန်တော့မယ်ဆိုတော့ စားဝတ်နေရေးက ပြတ်တောက်နေပြီ။ လွိုင်တိုင်းလချန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်တို့ဆို ပိုဆိုးတယ်။ အားလုံးကို TBC တခုတည်း ထောက်ပံ့တာမို့ အတူတူပဲ ဖြတ်ခံရတာပါ”ဟု ဆိုသည်။

ရိက္ခာပြတ်တောက်မည့်သတင်းကြောင့် အသက် ၆၀ အရွယ် အဘွားတဦးလည်း စိတ်ကယောင် ခြောက်ခြားဖြစ်ပြီး ယခုလပိုင်းအတွင်း ဆုံးပါးသွားပြီဖြစ်ကြောင်း၊ လာမည့် လများတွင် ကျန်ကလေးငယ်များ၊ သက်ကြီးရွယ်အို များအတွက်လည်း အာဟာရပြည့်ဝစွာ မကျွေးနိုင်မည်ကို စိုးရိမ်နေသည်ဟု ဦးလုံးစိုင်းပိန်းက ပြောသည်။

စခန်းရှိဒုက္ခသည်များက ရိက္ခာပြတ်တော့မည့်သတင်းကြောင့် စိတ်ဓာတ်များကျပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စများကို လည်း ရေရှည်ဖြေရှင်းပေးရန် မေးမြန်းမှုများ ရှိနေသဖြင့် ရှမ်းပြည်ဒုက္ခသည်များ ကော်မတီမှလည်း ဖြေရှင်းပေးရသည် ဟု ဦးလုံးစိုင်းပိန်းက ဆိုသည်။

ဆက်လက်ပြီး၎င်းက “လက်ရှိအခြေအနေက ပြဿနာတတ်နေပြီ။ နောက်လတွေဆို ပိုဆိုးလိမ့်မယ်။ ကျနော်တို့ ဒုက္ခသည် စခန်းကော်မတီကတော့ အတတ်နိုင်ဆုံး ဖေ့ဘုတ်ကနေဖြစ်ဖြစ် အီးမေးလ်ကနေဖြစ်ဖြစ် အကူအညီ လိုက်တောင်းနေတုန်းပဲ။ တချို့လည်း လာကူညီတာတော့ရှိပါတယ်။ ဒါပေမယ့် ရေတိုအကူအညီဖြစ်လို့ မရှိတာ ထက်စာရင်တော့ ကျေးဇူးတင်ပါတယ်။ ရိက္ခာကိစ္စ ချက်ခြင်းပြေလည်သွားဖို့ အလားအလာတော့ မမြင်သေးဘူး”ဟု ဆိုသည်။

ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်မည်ဆိုပါကလည်း ရှမ်းဒုက္ခသည်တိုင်း သွားလုပ်ရန် အဆင်မပြေသလို တရားမဝင်သွားလုပ်ရမည်ဖြစ်သဖြင့် အန္တရာယ်များသည်ဟု ဦးလုံးစိုင်းပိန်းက ဆိုသည်။

ဦးလုံးစိုင်းပိန်းက “ဒီမှာ ဒုက္ခသည်တွေ ခံစားနေရတဲ့ အပူကို ကိုယ်ချင်းစာဖို့ အစိုးရကို ပြောချင်တယ်။ ကူညီနိုင် သလောက် ကူညီပေးပါ။ လိုအပ်နေတဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကို သနားစာနာစိတ်နဲ့ လာကြည့်ပြီး ကူညီပေးပါလို့ အစိုးရဆီက တောင်းဆိုချင်တယ်”ဟုလည်း ဆိုသည်။

ရှမ်းပြည်ဒုက္ခသည်များကော်မတီက ၎င်းတို့ ဒုက္ခသည်များ၏ မူရင်းနေအိမ်များမှာလည်း တိုက်ပွဲများကြောင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ တပ်မတော်နှင့် ပြည်သူ့စစ်များက သိမ်းဆည်းထားသဖြင့် ယခုပြန် နေရန် မဖြစ်နိုင်ကြောင်း၊ လက်ရှိ နေထိုင်ရာ ဒုက္ခသည်စခန်းတဝိုက်တွင်လည်း စိုက်ပျိုးမြေအနည်းငယ်သာ ရှိသဖြင့် ဒုက္ခသည် အားလုံးအတွက် မဖူလုံကြောင်း၊ နိုင်ငံတကာမှ စားနပ်ရိက္ခာ ထောက်ပံ့မှု မဖြတ်တောက်ရန် တောင်းဆို ကြောင်းကို သြဂုတ်လက ထုတ်ပြန်ချက်တစောင်ထုတ်ထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကလည်း ရိက္ခာဖြတ်တောက်မည့် ကိစ္စနှင့် ပတ်သက်၍ ရှမ်းဒုက္ခသည်များ၏ အခြေအနေကို ရှင်းပြထားသည့် ထုတ်ပြန်ချက် တစောင် သြဂုတ်က ထုတ်ခဲ့ပြီး ထိုထဲတွင် ရှမ်းဒုက္ခသည် များမှာ ထိုင်းနယ်ဘက်သို့ ကူးကာ ဥယျာဉ်ခြံများ၊ လယ်ယာများတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင် သော်လည်း ရာသီပေါ်သီးနှံစိုက်ခင်း ရှိချိန်မှသာ အလုပ်ရသည့်အပြင် ပုံမှန်စိုက်ပျိုးရေး လုပ်သားထက် အခကြေးငွေ နိမ့်ကျစွာ လုပ်ကိုင်နေရကြောင်း၊ အချို့ ဒုက္ခသည်စခန်းများမှာ အလုပ်ထွက်လုပ်ရန်ပင် အခက်အခဲများ ရှိနေသည်ဟု ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်များ ထွက်ရှိပြီးနောက်တွင် နိုင်ငံတကာအဖွဲ့အချို့မှ လာရောက်ပြီး စခန်းတာဝန်ခံများနှင့် တွေ့သော် လည်း ရိက္ခာထပ်ပေးမည်ဟု ပြောဆိုခြင်း လုံးဝမရှိပါဟု ကုန်းကျော်စစ်ဘေးရှောင်စခန်းကော်မတီ၊ ဥက္ကဋ္ဌ ဦးလုံးစိုင်းလင်းက ပြောသည်။

ဆက်လက်ပြီး ဦးလုံးစိုင်းလင်းက“အစိုးရကို ပြောရင်လည်း ထိရောက်မယ်လို့ မထင်ဘူး။ သူတို့က ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေကိုပဲ ရှေ့တန်းတင်နေတယ်လေ။ တပ်မတော်နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတွေ နိုင်ငံရေးကိစ္စ တွေကိုပဲ အာရုံ စိုက်နေတော့ ကျနော်တို့ဒုက္ခသည်တွေ ဆီမှာ အာရုံမရှိဘူး ပြောလည်း ဘာမှမထူးဘူးလို့ ကျနော်တို့ ယူဆတယ်”ဟု ပြောသည်။

ဧရာဝတီမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေးတွင် ပါဝင်ဆွေးနွေး နေသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ နှင့် အစိုးရ ကိုယ်စားလှယ် အချို့ကို နယ်စပ်ရှိစစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပတ်သက်၍ မေးမြန်းရာ အတိအကျပြောဆိုနိုင်ခြင်း မရှိကြပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်း က “အဲဒါက ကြားကာလ အစီအစဉ်မှာ ပြန်လည်နေရာချထားရေးမှာ ပါပါမယ်။ လူမှုရေးကဏ္ဍမှာ ပါပါ တယ်။ အခုတော့ ကျနော်တို့ ဆွေးနွေးတာ မရှိသေးပါဘူး” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများက ဒုက္ခသည်များ ဂုဏ်သိက္ခာရှိရှိနေရပ် ပြန်နိုင်ရေး အတွက် ပြန်လည်နေရာချထားရေးမှာ အစိုးရတွင် တာဝန်ရှိသည့် အခန်းကဏ္ဍ ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

နယ်စပ်ဒုက္ခသည်အရေးနှင့် ပတ်သက်၍ မေးမြန်းရာ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက “ ကျနော်ပြောနိုင်တာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဆဲ ဖြစ်တယ်။ ဒါတွေက ယုံကြည်မှု တည်ဆောက်တဲ့ ဖြစ်စဉ်နဲ့လည်း သက်ဆိုင်တယ်။ ကြိုးစားပြီးတော့ လုပ်နေကြပါတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်၌ ရှမ်းစစ်ဘေးရှောင်ဒုက္ခသည်စခန်းများအပြင် ကရင်စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီစစ်ဘေးရှောင်ဒုက္ခသည်စခန်း ၂ ခုလည်း ရှိသည်။

ကရင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် ရိက္ခာများ ဆက်လက်ရရှိနေသော်လည်း လာမည့် ၂၀၁၈ ခုနှစ်တွင် ရိက္ခာ များ လျော့ချမည်၊ ဖြတ်တောက်မည် ဟူသည့် သတင်းများ ကြားထားသည်ဟု ကရင်ဒုက္ခသည်များကော်မတီ (KRC) ၊အတွင်းရေးမှူး ဦးဘွယ်စေးက ဆိုသည်။

ကရင်နီစစ်ဘေးရှောင်ဒုက္ခသည်စခန်း ၂ ခုတွင်လည်း နိုင်ငံတကာမှ အထောက်အပံ့များ လျော့ကျ လာသဖြင့် စခန်းရှိ ကျောင်းသူ/သားများ ပညာသင်ကြားရေးအပိုင်းတွင် အခက်အခဲများ ရှိနေသည်ဟု သိရသည်။

လက်ရှိတွင် ရိက္ခာဖြတ်တောက်ခံထားရပြီ ဖြစ်သည့် လွိုင်တိုင်းလျန်းစခန်းကို ၁၉၉၉ ခုနှစ်၊ လွိုင်ကော်ဝမ်းစခန်းကို ၂၀၀၁ ခုနှစ်၊ ကုန်းကျော်စခန်းကို ၂၀၀၂ ခုနှစ်၊ လွိုင်လမ်နှင့် လွိုင်ဆမ်ဆစ်စခန်း ၂ခုကို ၂၀၀၆ ခုနှစ်၊ ကောင်းမုံမိန်း စခန်းကို ၂၀၀၇ ခုနှစ်တို့တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုစခန်း ၆ ခုတွင် နေထိုင်နေကြသူများမှာ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ၊ RCSS ကို ထောက်ခံသည်ဟုဆိုကာ ဖမ်းဆီးနှိပ်စက်ခံရခြင်းများ၊ ပဋိပက္ခအတွင်း ရွာများ မီးရှို့ခံရခြင်းတို့ကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရသူများ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် အခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့အပါအဝင် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆိုင်ရာ အချက် အလက်များ ဆွေးနွေးနေသည်မှာ ၂ နှစ်ရှိပြီ ဖြစ်သည်။

နယ်စပ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စမှာ အစိုးရနှင့် အပစ်ရပ် ၈ ဖွဲ့တို့ ဆွေးနွေးနေသည့် ကဏ္ဍကြီး ၅ ခုအနက် လူမှုရေးကဏ္ဍအောက်တွင် ပါရှိသော်လည်း နယ်စပ်မှ ဒုက္ခသည်များ နေရပ်ပြန်ရေး နှင့် ပတ်သတ်၍ တစုံတရာ သဘောတူညီချက် အတိအကျချမှတ်ထားခြင်း မရှိသေးပါ။

ဆက်စပ်ဖတ်ရှုရန်- ရှမ်းဒုက္ခသည်စခန်းများကို ရိက္ခာဖြတ်တောက်ခြင်းမပြုရန် တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading