အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ (DPN) တို့ကြား အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် တပ်ပိုင်းဆိုင်ရာ အချက်အလက်များသာ ညှိနှိုင်းရန် ကျန်ရှိတော့သည်ဟု နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။
DPN သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)၏ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးရေး အဖွဲ့ ဖြစ်သည်။
PC နှင့် DPN တို့ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ချုပ်ဆိုနိုင်ရန် DPN က တောင်းဆိုထားသည့် အဆိုပြုချက် ၉ ချက်အား ဆွေးနွေးညှိနှိုင်းသည့် သတ္တမ အကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်ထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး စင်တာ (NRPC) ၌ ပြုလုပ်ပြီး အစည်းအဝေးအပြီးတွင် နှစ်ဖက် တာဝန်ရှိသူများက အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ် သည်။
အစည်းအဝေးအပြီးတွင် PC နှင့် DPN တို့က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပြီး ထို ထုတ်ပြန်ချက်တွင် “NCA လက်မှတ် ရေးထိုး ရေးအတွက် ကျန်ရှိနေသေးသော ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်များနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ပါသည်” ဟု ရေးသားထားသည်။
PC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ကျန်ရှိနေသေးသည့် ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်များဆိုတာက အထူးသဖြင့် တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တယ်။ အဲ့ဒီမှာ ကျနော်တို့ ကြိုတင် သဘောတူညီမှု ရယူမယ့် အစီအစဉ်တွေနဲ့ ပတ်သက် လို့ ၈ ရက်နေ့မှာ ဆွေးနွေးမှာ။ အားလုံးပေါင်း ၁၀ ချက်ရှိတယ်။ အဓိက ကတော့ တပ်နေရာ ချထားရေးတို့နဲ့ ပတ်သက် တဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပါ”ဟု ပြောသည်။
DPN ၏ အဆိုပြုချက် ၉ ချက်အနက် အချက်အားလုံးနီးပါး သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း၊ နံပါတ် ၅ အချက် ဖြစ်သည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အပစ်ရပ်ပြီးနောက် တပ်နေရာ ပြန်လည်ချထားရေး ကိစ္စများသာ ဆွေးနွေးရန် ကျန်ရှိနေပြီး နိုဝင်ဘာလ ၈ ရက်တွင် ပြန်လည်ပြုလုပ်မည့် အစည်းအဝေး၌ နှစ်ဖက်အဖွဲ့၏ တပ်ပိုင်းဆိုင်ရာ ဆွေးနွေး မည့် ကိုယ်စားလှယ်များကိုလည်း အစည်းအဝေးတွင် ထည့့်သွင်းပြီး ဆွေးနွေးသွားမည်ဟု ဦးဇော်ဌေးက ဆိုသည်။
ဆွေးနွေးရန် ကျန်ရှိနေသေးသည့် DPN ၏ အဆိုပြုချက် နံပါတ် ၅ သည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ မူဘောင် အပါအဝင် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC) ၊ စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (TOR) နှင့် တပ်နေရာ ပြန်လည် ချထားရေးတို့ကို ကြိုတင် သဘောတူညီ မှု ရယူရန်ဟူ၍ ဖြစ်သည်။
DPN ဘက်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “နံပါတ် ၅ ဆိုတာက ဆွေးနွေးမှု အစီအစဉ်တွေကို ကြိုတင်ပြီး သတ်မှတ် ရအောင်ဆိုတာ ရှိတယ်။ အဲ့ဒီ ဆွေးနွေးမှု အစီအစဉ်ထဲမှာ အချက် ၁၀ချက်ရှိတယ်။ အဲ့ဒီ ၁၀ချက်က ဥပမာ အားဖြင့် ကြားကာလ အစီအစဉ်တို့၊ အဓိပ္ပာယ် ဖော်ပြချက်တို့၊ ပစ်ခတ်တိုက်ခိုက်မှုနဲ့ COC ၊ TOR တို့ကို အသေးစိတ် ပြန်ပြီး ဆွေးနွေးကြဖို့ နှစ်ဖက် သဘောတူထားကြတာပါ”ဟု ပြောသည်။
ပြန်လည်ချိန်းဆိုထားသည့် နိုဝင်ဘာလ ၈ ရက် အစည်းအဝေးတွင် နှစ်ဘက်အဖွဲ့မှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် နံပါတ် ၅ ပါ အချက်များကို အသေးစိတ် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ နိုဝင်ဘာလ အစည်းအဝေးတွင် ဆွေးနွေးမှု ပြီးပြတ် ပါက ရှေ့ဆက် NCA ထိုးမည့် အစီအစဉ်ကို အသေးစိတ်ပြန်လည် စီစဉ်မည်ဟု နိုင်အောင်မငေးက ဆိုသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် NCA ရေးထိုးထားသည့် အပစ်ရပ် ၈ ဖွဲ့တို့သည် NCA စာချုပ် အရ လက်မှတ်ထိုးပြီးနောက် ရက်ပေါင်း ၃၀ အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော် မတီ (JMC) ကို ဖွဲ့စည်းပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် COC ၊ TOR တို့ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
ယခု DPN ကမူ ၂နှစ်တာ အပစ်ရပ်ထားသည့် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်ပြီး စိုးရိမ်စရာများ ရှိနေ သဖြင့် NCA မထိုးခင် COC ၊ TOR နှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကျေအလည် ညှိနှိုင်းလိုခြင်း ဖြစ်သည်ဟု သိရ သည်။
ဦးဇော်ဌေးက “အခုလက်ရှိ ထိုးပြီးသား အဖွဲ့တွေနဲ့တောင် ဖြည်းဖြည်းချင်း သွားနေရတဲ့ကိစ္စတွေ ရှိတယ်။ တပ်ပိုင်း ဆိုင်ရာ ဆိုတာက အကြောင်းမသင့်ရင် သေနတ် ပြန်ပေါက်နိုင်တယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အချိန်ယူပြီး လုပ်နေ ကြတာ ဖြစ်တယ်။ UNFC အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတဲ့အပေါ်မှာ အကျေအလည် ဆွေးနွေးနေတာ ဖြစ်တယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် PC နှင့် DPN တို့ကြား သဘောတူထားပြီဖြစ်သည့် အချက်များမှာ NCA လက်မှတ်ထိုးပြီးနောက် အစိုးရနှင့် တပ်မတော်တို့က တနိုင်ငံလုံး အပစ်ရပ်လိုက်ပြီ ဖြစ်ကြောင်းကို ၂၄နာရီအတွင်း ကြေညာကာ DPN ဘက်မှ အဖွဲ့ဝင် များ က ၄၈ နာရီအတွင်း ကြေညာချက်ထုတ်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် အပြည့်အဝ ပါသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများ၌ လက်နက်ကိုင် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့တို့က ၎င်းတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် သာ ပါဝင်ရန်တို့ ဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံမှ ထွက်ရှိလာသည့် ဆုံးဖြတ်ချက်များကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဥပဒေများ ရေးဆွဲရေးဟူသည့် အချက်ကိုလည်း သဘောတူထားသည်။
ထို့အပြင် သဘောတူထားပြီး စကားလုံးများ ပြန်လည်ညှိနှိုင်းရမည့် အချက်များမှာ အပစ်ရပ်ပြီးနောက် ပြန်လည် မပစ် ခတ်ရန် စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွင် နိုင်ငံတကာမှ အစိုးရကိုုယ်စားလှယ်များ ပါဝင်ရန်၊ NCA ကြောင့် မပြေလည် မှုများ ပေါ်ပေါက်ပါက ဖြေရှင်းပေးမည့် အဖွဲ့တွင် နိုင်ငံတကာမှ ဥပဒေပညာရှင်များ၊ တရားသူကြီးများကို ထည့်သွင်းရန် နှင့် NCA ထိုးပြီးနောက် တိုင်းရင်းသား ဒေသများတွင် စီမံကိန်းကြီးများ ပြုလုပ်မည် ဆိုပါက ဒေသခံများနှင့် သက်ဆိုင် ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားများကို ရယူရန် တို့ ဖြစ်သည်။
DPN သည် UNFC ၏ နိုင်ငံရေးဆွေးနွေးရေး အဖွဲ့တခု ဖြစ်ပြီး UNFC အဖွဲ့ဝင် များဖြစ်သည့် မွန်ပြည်သစ် ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ရခိုင် အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တု့ိမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည်။