ရခိုင်အရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံနိုင်ရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် မြန်မာအစိုးရတို့ကြား ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေး ပြောဆိုခဲ့ရာ အဖြေထွက်သည်အထိ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။
“သူတို့ (ဘင်္ဂလားဒေ့ရှ်) ဘက်ကတော့ မြန်မြန်ရရင်ပို့ချင်တာပေါ့။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ Joint Working Group ဖွ့ဲ့ဖို့ အစီအစဉ်လေးတွေ ရှိပါသေးတယ်။ ကျနော်တို့ဘက်ကတော့ ဖြစ်နိုင်သမျှ အားလုံးကို သူ့အဆင့်ဆင့်သွားတာပဲ အဓိက ထား ဆွေးနွေးပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မနက်ပိုင်း ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီချက် ၁၀ ခု ရရှိခဲ့ရာ ဒုက္ခသည် လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်နေမှုများအား ချက်ချင်း ရပ်တန့်ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား စောနိုင်သမျှ အစောဆုံး ပြန်လည် နေရာချထားရေးအတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန်ဆိုသည့် အချက် ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ပြန်လည်လက်ခံဖို့အတွက် အခြေခံအဆောက်အအုံတွေလည်း ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ Resettlement Plan တွေ ရေးဆွဲဖို့ လိုပါတယ်။ ဒီအပိုင်းကတော့ နိုင်ငံတော်အဆင့်က နိုင်ငံတော် အကြီးအကဲများ ကိုယ်တိုင်က ဆောင်ရွက် နေတာ ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းမှန်းဆဖို့ ခက်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ၁၉၉၃ သဘောတူညီချက်ကို အခြေခံ၍ ညှိနှိုင်းခဲ့ရာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆိုပြုချက်တခုကို ကမ်းလှမ်းခဲ့သည်။
ယင်းကမ်းလှမ်းချက်ကို အစိုးရက ၂ ကြိမ် အစည်းအဝေး ထိုင်၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားရာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး လာရောက်ချိန်တွင် ယင်းကိစ္စကို အပြီးသတ် ဆွေးနွေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာလ ၂၀ ရက်နေ့က ပြောသည်။
၁၉၉၃ ခုနှစ် သဘောတူညီချက်အရ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ ကိုယ့်သဘော ဆန္ဒဖြင့် ပြန်လာချင်သူဖြစ်ရမည်၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် မွေးဖွားသူဖြစ်ပါက အဖေ၊ အမေမှာ မြန်မာနိုင်ငံ တွင် နေဖူးသူဖြစ်ရမည် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
သို့သော် ယမန်နေ့က ၂ နိုင်ငံကြား လက်မှတ်ထိုးနိုင်ခဲ့သည့် စာချုပ် ၂ ခုမှာ လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဆက်ဆံရေးရုံးများ ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ ဖြစ်ပြီး ဒုက္ခသည် ပြန်လည် လက်ခံနိုင်ရေး နားလည်မှု စာချွန်လွှာ ပါဝင်ခဲ့ခြင်း မရှိပါ။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျကလည်း “အဓိကကတော့ နှစ်နိုင်ငံကြား မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာ ရှိတဲ့အဆင့်မြင့် ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ ကိစ္စက နည်းနည်းလေးလောက်ပဲပြောတာ”ဟု ဆိုသည်။
အဓိက ဆွေးနွေးသည့် ကိစ္စမှာ ၂ နိုင်ငံကြား ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ ၂ နိုင်ငံ မကြာခဏ တွေ့ဆုံ၍ အဆင့်ဆင့်တွင် ဆက်ဆံရေး အရာရှိများ ထားရှိရေး၊ နယ်စပ်ဒေသတွင် တရား ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတို့ ဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများထံက သိရသည်။
“ဒီဒုက္ခသည်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကျနော်တို့ဘက်က မဆွေးနွေးဘူး။ တချက်ထဲ ဆွေးနွေး ခဲ့တာက နေရပ်ပြန်ရေးဆိုတာ မြန်မာနိုင်ငံမှာ အခြေချနေထိုင်ခဲ့သူများ၊ ဒီအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့လူတွေကို ပြန်လည်စိစစ်ပြီး လက်ခံရေး အစီအစဉ် ဆွေးနွေးတာပဲ ဖြစ်ပါတယ်”ဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောသည်။
ယခုအခါ မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူများ စာရင်းကို ဖော်ပြရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မြေပြင်သို့ ကွင်းဆင်း ကောက်ယူထားသည့် စာရင်းနှင့် ကုလသမဂ္ဂမှ ဖော်ပြနေသည့် စာရင်းတို့ကြားတွင် ၅ သိန်းကျော်၊ ၆ သိန်းနီးပါး ကွာဟနေ၍ အကုန်လုံးကို ပြန်လည် စိစစ်မည် ဖြစ်ကြောင်း၊ အထောက်အထား ပြည့်စုံမှသာ ၁၉၉၃ သဘောတူညီချက်အရ ပြန်လည် လက်ခံရမည့် ပုံစံအတိုင်း လက်ခံမည် ဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကလည်း ပြည်ထဲရေး ဝန်ကြီး ကိုယ်တိုင်က တရားမဝင် လက်နက်ကိုင်အဖွဲ့များနဲ့ စပ်လျဉ်းပြီး မည်သည့် လုပ်ရပ်ကိုမှ လက်ခံခြင်းမပြုသကဲ့သို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပိုင်နက်နယ်မြေပေါ်မှာလည်း မည်သည့် တရားမဝင် အဖွဲ့အစည်း၊ သောင်းကျန်းသူ၊ အကြမ်းဖက်သမား မည်သူ့ကိုမျှ ခွင့်မပြု၊ ယခင်ကလည်း ခွင့်မပြုခဲ့တဲ့အပြင် နောင်တွင်လည်း ခွင့်ပြုမည် မဟုတ်ကြောင်း အကျေအလည် ပြောဆိုသွားပါတယ်”ဟု ပြည်ထဲရေးမှ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောသည်။
မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ အားပေးကူညီသူများကိုလည်း အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် ထွက်ပြေးတိမ်းရှောင်နေသူများ အမည်စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံများ စာရင်းကို လွှဲပြောင်းပေးခဲ့ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ် လွှဲပြောင်းပေးရန်လည်း မြန်မာဘက်က တောင်းဆိုခဲ့ကြောင်း သိရသည်။