လက်ပံတောင်းဒေသခံ တောင်သူများ တောင်းဆိုနေသည့် မြေဧက ၁၉၀၀ ဖော်ထုတ်ပေးရန်အတွက် တိုင်းအစိုးရအနေဖြင့် ကော်မတီတရပ် ဖွဲ့စည်းကာ မြေလွတ်မြေရိုင်းများကို ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၊ လွတ်တော်ကိုယ်စားလှယ်များ၊ လက်ပံတောင်းဒေသခံများနှင့် ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများကို တွေ့ဆုံခဲ့သည့် ညှိနှိုင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး အစိုးရအနေဖြင့် ရွာများ၏ အနီးစပ်ဆုံးနေရာများတွင် မြေယာများကို ရှာဖွေမည်ဖြစ်ကြောင်း၊ လတ်တလောတွင် နေရာ အတိ အကျကို ပြောကြားပေးနိုင်ခြင်း မရှိသေးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဧရာဝတီသို့ပြောသည်။
သူက “အနီးစပ်ဆုံး နေရာတွေကို အစိုးရ က စီမံခန့်ခွဲမှုနဲ့ နေရာရှာကြည့်မယ်။ တွေ့ရင် သစ်တောဆိုလည်း သစ်တောဌာနကို နေရာတွေ ညှိနှိုင်းပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာ ကို ပြည်ထောင်စုအစိုးရ ကို ညှိနှိုင်းပြီးတော့ လုပ်ပေးမယ်ပေါ့။ ဘယ်နေရာမှာ ဘယ်လောက်ရမယ် မသိသေးဘူး။ တောင်သူတွေလည်း ကော်မတီဖွဲ့တဲ့ထဲမှာ ပါမယ်။ ဝေးတယ်နီးတယ်ကိုတော့ သူတို့က တင်ပြပေါ့” ဟုဆိုသည်။
အစားထိုးမြေဧကအတွက် မြေယာရှာဖွေမည့် ကော်မတီကို ဖွဲ့စည်းရန် စီစဉ်နေဆဲဖြစ်ကာ ကော်မတီတွင် မြေစာရင်းမှ တာဝန်ရှိသူများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဒေသခံများနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ပြီး ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။
ယခင် အစိုးရဟောင်းလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင်ပါဝင်သော သိမ်းဆည်းခံထားရသည့် မြေယာများအတွက် အစားထိုးမြေဧက ၁၉၀၀ကို ဖော်ဆောင်ပေးရမည်ဟု ပါဝင်သော်လည်း အစီရင်ခံစာပါ အချက်အလက်များကို လိုက်နာခြင်း မရှိခြင်းတို့ကြောင့် တောင်းဆိုမှုများ ပြုလုပ်နေရခြင်း ဖြစ်ကြောင်းကို ဒေသခံတောင်သူများထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ် ဆည်တည်းကျေးရွာမှ ဒေါ်ရီဝင်းက “မြေဧက ၁၉၀၀ မဖော်ဆောင်ပေးဘူး ဆိုရင် ဒီစီမံကိန်းကြီး ရပ်လေ။ ကျမတို့တောင်းဆိုတဲ့ မြေဧက ၁၉၀၀ ကို ဖော်ထုတ်ပေး မဖော်ပေးဘူးဆိုရင် ကျမတို့က အဆင့်ဆင့်ကို တက်မှာပဲ ဘာလို့လဲဆိုရင် ဒီအစီရင်ခံစာထဲမှာ ရေးထားတာတွေက ဒေသခံတွေက လုပ်ကြံရေးထားတာ မဟုတ်တာ” ဟု ပြောသည်။
၎င်းက “၂၀၁၃ တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး အစီရင်ခံစာကို ထုတ်ထားတာလေ။ ကျမတို့က အစီရင်ခံစာကို ချိုးဖောက်ပြီးတော့ လုပ်နေတာမဟုတ်ဘူး အစီရင်ခံစာကို ချိုးဖောက်လုပ်နေတာက ကုမ္ပဏီက လုပ်နေတာ အဲဒီတော့ ဒီကုမ္ပဏီက အစီရင်ခံစာကို ချိုးဖောက်ပြီး လုပ်နေတာကို ပေါ်လွင်အောင် တော့ အဆင့်ဆင့်ကို စာတွေတင်ပြီး လုပ်သွားမှာပဲ”ဟု ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အစီရင်ခံစာထွက်ပေါ်လာပြီး နောက်ပိုင်း ယခင်အစိုးရလက်ထက်တွင် အစားထိုးမြေဧက ဖော်ဆောင်မှု ပြုလုပ်ခဲ့သော်လည်း အဆိုပါအစားထိုးမြေဧကမှာ သီးပင်စားပင်စိုက်ပျိုးနိုင်သော မြေယာများ မဟုတ်သည့် အပြင် ဒေသခံများ နေရာထိုင်ရာ ရပ်ရွာများနှင့် အလှမ်းဝေးသောကြောင့် ဒေသခံတောင်သူများက ငြင်းဆိုခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ဒေသခံများသည် အစားထိုးမြေဧကများ ရရှိရန် ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အစီရင်ခံစာကို မလိုက်နာသည့် ကြေးနီစီမံကိန်းကို ရပ်တန့်ရန်၊ စစ်ဆေးအရေးယူပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
လက်ပံတောင်းကြေးနီထုတ်လုပ်ရေး စီမံကိန်းအတွက် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ ဝက်မှေး၊ ဆည်တည်း၊ ဆီးတော၊ ကံတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ ကျောက်ဖြူနိုင်၊ တုံရွာ၊ ဖောင်းကားတောင်၊ ပလောင်၊ ကူးတို့ကုန်း စသည့် ကျေးရွာအများအပြားမှ လယ်ယာဧက ၇၈၆၈ ဒသမ ၇၈ ဧက သိမ်းဆည်းခံခဲ့ရပြီး လယ်ယာမြေများ သာမက စီမံကိန်းနှင့် မလွတ်သော ကျေးရွာများပါ ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်း၍ Myanmar Wanbao Mining Copper ltd အဖြစ် ၂၀၁၀ ခုနှစ် မေလတွင် စတင် လုပ်ကိုင် ခဲ့ ခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်- အစားထိုးမြေဧက ရရှိရေး လက်ပံတောင်းဒေသခံများ ဆန္ဒပြ