မဲဆောက်တွင် မြန်မာအမျိုးသမီးအား သတ်ဖြတ်သူဖမ်းမိ
ထိုင်းနိုင်ငံ မဲဆောက်မြို့ ထုံထောင်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် မြန်မာ အမျိုးသမီး မသီသီဝင်း အား သတ်ဖြတ်ခဲ့သူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဖြစ်ရာ လူသတ်တရားခံသည် မြန်မာနိုင်ငံသားပင် ဖြစ်ကြောင်း သိရ သည်။
မသီသီဝင်းကို သတ်ဖြတ်ခဲ့သူသည် တရပ်ကွက်တည်းနေ သုံးဘီးယာဉ်မောင်း ခင်မောင်လေး ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေး ကင်မရာ (CCTV) မှ တဆင့် ခြေရာခံမိကာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး တရားခံကိုယ်တိုင်ကလည်း ဖြောင့်ချက်ပေးခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

မသီသီဝင်း၏ ခင်ပွန်းဖြစ်သူ ဦးမင်းနိုင် ကလည်း “ကျနော့် အမျိုးသမီး က အဲဒီ သုံးဘီး ငှားစီးသွားတယ်။ ပုလိပ် (ရဲ) က လမ်းမှာရှိတဲ့ CCTV ကင်မရာ မှတ်တမ်းကတဆင့် သိသွားပြီး ၂၃ ရက်နေ့မှာ ဖမ်းလိုက်တာ။ အခုတော့ သူကိုယ်တိုင်လည်း သတ်တယ် ဆိုတာ ဝန်ခံတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မဲဆောက်မြို့ ထုံထောင်းရပ်ကွက်တွင် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် နေထိုင်ကြသည့် မသီသီဝင်းနှင့် ကိုမင်းနိုင်တို့ တွင် သားသမီး ၂ ဦး ထွန်းကားကြောင်း သိရပြီး မသီသီဝင်း၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းက မီးသင်္ဂြိုဟ်လိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။
ထုံထောင်းရပ်ကွက်သည် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ စုဝေး နေထိုင်ပြီး သုံးဘီးယာဉ်မောင်း ခင်မောင်လေး ဆိုသူမှာ ရပ်ကွက်တွင်းရှိ မြန်မာနိုင်ငံသားများ ခရီးအနည်းအဝေး သွားလိုသည့် နေရာများကို သုံးဘီးယာဉ်ဖြင့် အငှားလိုက် ပို့ သူ ဖြစ်ပြီး ၎င်းတွင်လည်း အိမ်ထောင်နှင့် ကလေးတယောက် ရှိကြောင်း သိရသည်။
ယခုလ ၁၉ ရက်နေ့က မသီသီဝင်းနှင့် ၎င်း၏ မိတ်ဆွေ ၃ ဦးမှာ ထိုင်းနိုင်ငံတွင်နေထိုင်ခွင့် ရက် ၉၀ တုံးထုရန် ထိုင်းလူဝန်မှု ကြီးကြပ်ရေးရုံးသို့ သွားရောက်ခဲ့ပြီး အပြန်တွင် တဦးတည်း အဆိုပါ ၃ ဘီးယာဉ်ကို ငှားရမ်း၍ ပြန်ခဲ့ရာမှ လမ်းခုလတ်တွင် သုံးဘီး ယာဉ်မောင်း ခင်မောင်လေးက အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ပြီး ဖုန်း၊ ပိုက်ဆံနှင့် လက်ဝတ်ရတနာများ ယူသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သုံးဘီးယာဉ်မောင်း ခင်မောင်လေး သည် လောင်းကစားနှင့် စိတ်ကြွမူးယစ်ဆေး သုံးသူတဦးဖြစ်ကြောင်း အသတ်ခံရသူနှင့် ထုံထောင်းရပ်ကွက်တွင် တရပ်ကွက်တည်း နေထိုင်သူ တချို့က ဧရာဝတီသို့ ပြောသည်။

မသီသီဝင်း၏ ခင်ပွန်းက “ကျနော်ဖြစ်ချင်တဲ့ ဆန္ဒကတော့ အမှုကို အမှန်အတိုင်းဖြစ်စေချင်တယ်။ သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံစေချင်တယ်။ ကျနော့်မှာလည်း အမျိုးသမီး ဆုံးသွားတော့ ကျနော့်မိသားစု အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပဲ”ဟု ပြောဆိုသည်။
သေဆုံးသူ မသီသီဝင်းသည် မြန်မာနိုင်ငံ ပဲခူးတိုင်း၊ ကဝမြို့နယ် မမောက် ရွာသစ်ကျေးရွာ ဇာတိဖြစ်ကြောင်း သိရပြီး ၎င်းကွယ်လွန်ချိန်တွင် ခင်ပွန်းနှင့် သား တဦး၊ သမီးတဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့သည် ကရင်ပြည်နယ် မြဝတီမြို့ တဘက်ကမ်းတွင်တည်ရှိပြီး မဲဆောက်မြို့နှင့် မြဝတီ မြို့တို့သည် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။