သတင်း

Facebook သုံးစွဲသူများကို အခွန်ကောက်ခံရန် အစီအစဉ် မရှိဟုဆို

မြန်မာနိုင်ငံတွင် လူအများကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည့် လူမှုကွန်ရက် Facebook အသုံးပြုမှု နှင့် ပတ်သက်၍ အခွန်ကောက်ခံ မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။

“Facebook သုံးရင် အခွန်ကောက်မယ်ဆိုတာက ဂျင်းထည့်တဲ့ သတင်းပါ။ ယုံကြည်စိတ်ချလို့ မရတဲ့ သူတွေက လျှောက်တင်တဲ့ ဟာတွေပါ။ အခုလောလောဆယ် လူမှုကွန်ရက်နဲ့ ပတ်သက်ပြီး ထိန်းချုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး”ဟု ဦးမျိုးဆွေက ပြောသည်။

မနေ့က ပျံနှံနေသည့် သတင်းမှာ လာမည့် ဘဏ္ဍာရေးနှစ်မှစတင်၍ Facebook သုံးစွဲခွန် (Social Media Tax) စတင်ကောက်ခံမည်ဟု သတင်းမှားများကို ယခုရက်ပိုင်း အတွင်း ဖော်ပြခဲ့ပြီး နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည် နည်းပညာနှင့်သတင်းအချက်ထိန်းသိမ်း ရေး ဝန်ကြီးဌာန ဆွေးနွေးပွဲတွင် Facebook သုံးစွဲခွန် ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။

အခွန် ကောက်ခံမှုနှင့် ပတ်သက်၍ နည်းပညာနှင့်သတင်း အချက်အလက် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးဆောင် ညွန်ကြားရေးမှူး ဒေါ်ကေသီအောင်ဟု ဖော်ပြထားရာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဦးမျိုးဆွေက “ကျနော်တို့ဆီမှာ အဲဒီဝန်ကြီးဌာနလည်း မရှိဘူး။ အဲဒီ အမျိုးသမီးလည်း မရှိပါဘူး”ဟု ပြောသည်။

မနေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် လူမှုကွန်ရက် အသုံးပြုသူများကို ထိန်းချုပ်ရန် အစိုးရ ကို တိုက်တွန်းကြောင်း အဆို တခုကို တင်သွင်းခဲ့ရာမှ ယင်းကိစ္စကို အကြောင်းပြု၍ သတင်းမှားကို ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း၊ လွှတ်တော်သို့လည်း တရားဝင် တင်ပြလာဖြင်း မရှိသေး၍ အခွန်ကောက် ခံမည် ကိစ္စမှာ မဟုတ်မှန်ကြောင်း ပြည်သူ့လွှတ်တော် ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးတင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။

“နောင်ဆိုရင်တော့ Facebook ကို မှတ်ပုံတင်ရမယ်။ Faebook မှာ မတော်မတရား လုပ်တဲ့သူတွေကို ဖော်ထုတ်ရမယ်။ အဲလိုမျိုးပါ။ အခွန် ကောက်မယ်ဆိုတဲ့ အဆင့်အထိတော့ မရှိသေးပါဘူး။ ကောက်မယ်ဆိုရင်တောင် သုံးတဲ့သူတွေကိုတော့ ကောက်လို့ မရဘူး။ အခွန်ကောက်မယ်ဆိုရင် လာတင်ပြတာလည်း မရှိသေးဘူး။ လွှတ်တော်ကို လာတင်ပြရမှာပဲ”ဟု ပြောသည်။

သို့သော် Facebook သုံးစွဲပါက အခွန်ကောက်ခံမည့် သတင်းကို ယုံကြည်သူ အများအပြား ရှိခဲ့ပြီး လူမှုကွန်ရက်တွင် စိတ်ဝင်စားမှု များစွာဖြင့် ဆွေးနွေးပြောဆိုမှုများ ရှိသောကြောင့် ယခုကဲ့သို့ သတင်းအမှားများကို ချက်ချင်း ဖြေရှင်းပေးသင့်ကြောင်း ရန်ကုန်မြို့ခံ ကိုညီညီက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ ၁၅ သန်းခန့်ရှိပြီး လူမှုကွန်ရက် Facebook သုံးစွဲသူများမှာလည်း ၁၅ သန်းခန့် ရှိကြောင်း သိရသည်။

Loading