အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ဘက်စုံသုံး မုန်တိုင်းဒဏ် ခိုလှုံရာ အဆောက်အဦ (Cyclone Shelter) ၃၂ လုံးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနမှ လာမည့် ၂၀၁၈ ခုနှစ်အတွင်း တည်ဆောက်ပေးသွားမည်ဟု သိရသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဌမမြောက် ပုံမှန် အစည်းအဝေး စတုတ္ထနေ့ ရခိုင်ပြည်နယ် အမှတ် (၁၁) မဲ ဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၏ ခေတ်အဆက်ဆက် သဘာ၀ ဘေးအန္တရာယ် ကျရောက်ခဲ့ သည့် ရခိုင်ပြည်နယ်ရှိ လိုအပ်သောမြို့နယ်များတွင် ဘက်စုံ အသုံးပြုနိုင်သော Cyclone Resistant Shelters များ လာ မည့်ဘဏ္ဍာနှစ်အတွင်း လုံလောက်စွာ တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဝင်းမြတ်အေးက “ဘက်စုံသုံး Cyclone Shelters ၃၂ လုံးကို လာမည့် ၂၀၁၈ ခုနှစ် အတွင်း အပြီး တည်ဆောက်မည့်အပြင် လိုအပ်သည့် နေရာများကို ကွင်းဆင်းကြည့်ရှုပြီး ဒေသခံများ၏ ဆန္ဒ အရလည်ကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရလည်းကောင်း ထပ်မံ ဆောက်လုပ်ပေးနိုင်မည်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ဘက်စုံသုံး Cyclone Shelters ၃၂ လုံး တည်ဆောက်ပေးမည့် မြို့နယ်များမှာ အမ်းမြို့နယ်တွင် ၃ လုံး၊ စစ်တွေမြို့နယ်တွင် ၃ လုံး၊ ပေါက်တောမြို့နယ်တွင် ၃ လုံး၊ ကျောက်ဖြူ မြို့ နယ်တွင် ၅လုံး၊ တောင်ကုတ်မြို့နယ်တွင် ၂လုံး၊ ရမ်းဗြဲ မြို့နယ်တွင် ၅ လုံး၊ မာန်အောင်မြို့နယ်တွင် ၈လုံး၊ မြောက်ဦး မြို့နယ်တွင် ၁လုံး နှင့် မောင်တော မြို့နယ်တွင် ၁ လုံး စုစုပေါင်း ၃၂ လုံး အား ၂၀၁၈ ခုနှစ် အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်သည်။
ဒေါ်ထုမေ က“ Cyclone Shelters ဟာ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်ရရှိမှု၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာရဲ့ ပုံစံမျိုး မဖြစ်သည့်တိုင် ပြည်သူတွေအတွက် လုံလောက်တဲ့ နေရာဖြစ်ရမယ်။ ဒါကြောင့်ဝန်ကြီး ဌာနဘက်ကို Cyclone Shelters တည်ဆောက်ရင် ဘယ်လိုပုံစံ စီမံဆောင်ရွက်မယ်ဆိုတာ ပြန်မေးရမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘက်စုံသုံး Cyclone Shelters များကို ၂၀၁၈ ခုနှစ်အတွင်းအပြီး တည်ဆောက်မည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဖြေကြားသော်လည်း ဘတ်ဂျက်မည်မျှ အသုံးပြုမည်၊ အဆောက်အဦးပုံစံ မည်သို့ ရှိမည်ကိုမူ ထည့်သွင်းဖြေကြားခြင်း မရှိပေ။
ဥတ္တရသီရိခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက “ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်က ရခိုင်ဒေသတင်မဟုတ်ဘူး၊ တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားတွေအတွက်ကိုဒီလို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေပါတယ်။ အခုလို Cyclone Shelters တွေ ချပေးတယ်ဆိုတာကလည်း အတိုင်ပင်ခံရဲ့ ဦးဆောင်မှုထဲက တခုပါပဲ” ဟု ဧရာဝတီ သို့ ပြောသည်။
မုန်တိုင်းကျရောက်နိုင်သော မြို့နယ်များတွင် ဘက်စုံသုံး Cyclone Shelters များကို အမျိုးသားဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ယခုနှစ်အထ စုစုပေါင်း ၁၂ လုံး တည်ဆောက်ခဲ့ပြီး၊ ၂၀၁၅ -၂၀၁၆ တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၁၀ လုံး တည်ဆောက်ထား ပြီးဖြစ် သည်။
ရခိုင်ပြည်နယ်သည် ရေမြေသဘာ၀ အနေအထားအရ ပင်လယ်ကမ်းရိုးတန်းတည်ရှိသည့် အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ရသည့် ဒေသဖြစ်ရာ မုန်တိုင်းဒဏ် ခိုလုံရာ အဆောက်အဦးများ ကို ဆောက်လုပ်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း ဆောင်ရွက်လျှက် ရှိကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။