သတင်း

ဖြိုးကိုကိုတင့်ဆန်းအမှု လူ ၁၅ ဦးကို ပုဒ်မ ၁၇ ခု ဖြင့် အရေးယူထားဟုဆို

Want create site? Find Free WordPress Themes and plugins.

အားကစားဝန်ကြီးဟောင်း၏သား ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပတ်သက်၍ ၎င်းအပါအဝင် ACE လုပ်ငန်းစုမှ လူ ၁၅ ဦးကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၁၇ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက နေပြည်တော်လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်း နှင့် ACE ဟိုတယ်မှ အခြားအမျိုးသား ၂ ဦးကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရာမှာ ဆက်လက်စစ်ဆေးရာမှ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ထိုသို့ဖမ်းဆီးအမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်စိုးက “ဒီအမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး လူ ၁၅ ဦးကို ရဲစခန်းတွေမှာ ဖမ်းဆီးထားတယ်။ လိုအပ်တဲ့ စစ်ဆေး မှုတွေ လုပ်နေတယ်။ လက်နက်ကလည်း အားလုံး ၂၄ လက် ရရှိထားပါတယ်။ တကယ့် အစစ်ကတော့ အလက် ၂၀ ဖြစ်ပါတယ်။ လေသေနတ်လို ဘောစေ့နဲ့ ပစ်လို့ရတာက ၄ လက် ဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းတို့ကို နေပြည်တော်တွင် အမှု ၁၀ မှု၊ ရန်ကုန်မြို့တွင် အမှု ၇ မှု စုစုပေါင်း ၁၇ မှုဖြင့် ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး အမှုများ ထဲတွင် လက်နက်မှု၊ အစိုးရ၏ လျို့ဝှက်အက်ဥပဒေ၊ မူးယစ်မှု၊ တရား မဝင်ပစ္စည်းတင်သွင်းသဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ နှင့် ဆက်သွယ်ရေး ဥပဒေတို့ ပါဝင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

“ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကွန်ပြူတာ မှတ်တမ်းတွေ၊ စာရွက်စာတမ်း မှတ်တမ်းတွေကနေ သတင်းအချက် အလက်တွေ ရယူပြီးတော့ လိုအပ်တဲ့ စစ်ကြောချက်တွေနဲ့ လက်နက်သယ်ဆောင်ရ ယူတဲ့ ကွင်းဆက်တရားခံတွေနဲ့ ကွင်းဆက်လမ်းကြောင်းတွေ ဆက်လက်ဖော်ထုတ်နိုင်အောင်လည်း ကျနော်တို့ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း အမှုဖြစ်စဉ်အရ ပြစ်မှု၊ ပြစ်ဒဏ် ကြီးမားသည့် အစိုးရ၏ လျို့ဝှက်အက်ဥပဒေ ပုဒ်မ ပါဝင်နေသဖြင့် အမှုကြီး ဖြစ်နေ၍ ခရိုင်အဆင့် တရားရုံးတခုခုတွင် စတင်စစ်ဆေးသင့်ကြောင်း၊ အမှုတပ်ထားသည့် ပုဒ်မများအရ ထောင် ဒဏ်နှစ်ပေါင်းများစွာ ကျခံရနိုင်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“သီးခြားစီ ချရင်လည်း ထောင်ဒဏ်က နှစ် ၂၀ ကျော်နိုင်တယ်။ တမှုချင်းစီကိုလည်း ၃ နှစ်တို့၊ ၇ နှစ်တို့ ချလို့ရတယ်။ အစိုးရ လျို့ဝှက်အက်က ထောင်ဒဏ် ၁၄ နှစ်အထိ ပေးလို့ရတယ်။ ပုဒ်မခွဲတွေလည်း ရှိသေးတယ်။ ဘယ်ပုဒ်မနဲ့ အရေးယူမှာလဲ။ တရားရုံးက ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာတွေအပေါ် မူတည်တယ်”ဟု ဦးသန်းဇော်အောင်က ပြောသည်။

ယခုအခါ ဖြိုးကိုကိုတင့်ဆန်းနှင့် ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ နယ်မြေရဲစခန်း များ တွင် ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါ ယင်းအမှုကို မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့ (CID) ကို လွှဲပြောင်းပေးထားပြီး CID က အားလုံးကို စတင်ပြီး ကိုင်တွယ်နေပြီ ဖြစ်ကြောင်း၊ ရဲလုပ်ငန်းစဉ်များထဲမှ အသိပေးသင့်သည့် ကိစ္စအားလုံးကို ပြည်ထောင် စု အစိုးရ၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်နေကြောင်းလည်း ပြည်ထဲရေး ဒုဝန်ကြီးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading