သတင်း

ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ထိန်းသိမ်းကြပ်မတ်ရေး အရေးကြီးအဆို ဆွေးနွေးခွင့် မရ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ နိုင်ငံတဝန်းတွင် ပြုလုပ်လျက်ရှိသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲများအား အစိုးရက ထိန်းသိမ်းကြပ်မတ် ပေးရေး အရေးကြီး အဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် တင်ပြရာ ဆွေးနွေးခွင့် မရကြောင်း သိရ သည်။

ယင်းအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင့်မြင့် ထံသို့ လိပ်မူ၍ ညွှန်ကြားရေးမှူးချုပ်မှ တဆင့် တင်ပြရာတွင် ဆွေးနွေးခွင့် မပြုနိုင်ကြောင်း အကြောင်းပြန်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆို၏ အမည်မှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တို့ အတွက် နိုင်ငံရေး ပါတီတခုမှ ဦးဆောင်လျက် မြို့နယ်တချို့တွင် ပြုလုပ်လျက်ရှိသော ဘာသာပေါင်းစုံ ဆုတောင်းပွဲ များမှ မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်လျက် ရှိသည့် ဆောင်ရွက်မှုများအား အချိန်မီ ထိန်းသိမ်းပေးနိုင်ရေး အစိုးရ အား တိုက်တွန်းကြောင်း အဆို ဖြစ်သည်။

အောက်တိုဘာလ ၂၄ ရက်နေ့က မန္တလေးတိုင်း စဉ့်ကိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များကို ထိုင်ခုံဖြင့် ထိုင်ခိုင်းပြီး ကိုရင်ငယ်လေးများကို အောက်တွင် ထိုင်ခိုင်းသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် လူများ၏ စိတ်တွင် ခံစားချက် ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့၍ ယခု အဆို ကို တင်ပြရခြင်း ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ဧရာဝတီသို့ ပြောသည်။

“ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေက ဖြစ်နေတော့ အစိုးရက ထိန်းပေးဖို့ အရေးကြီး အဆို တင်လိုက်တာ။ သူတို့က ခွင့်မပြုဘူး။ ကျနော်က မြို့ရွာတည်ငြိမ် အေးချမ်းရေးကိုပဲ ဦးတည်ပြီးတော့ ပြောတာ ပါ။ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေက ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတာတွေ ဖြစ်နေလို့ ဒါတွေကို ထိန်းပေးဖို့ ပြောတာ ပါ”ဟု ၎င်းက ပြောသည်။

စဉ့်ကိုင်မှာ ဖြစ်စဉ်ကို အကြောင်းပြုပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်မည်ကို စိတ်ပူ၍ တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တခြား မည်သည့် ရည်ရွယ်ချက်မှ မရှိကြောင်း၊ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးသည်ဟု လွှတ်တော်ဘက်မှ ယူဆပုံရ ကြောင်းလည်း ပြောဆိုသည်။

အရေးကြီးအဆို၏ သဘောသည် လွှတ်တော် အစည်းအဝေး မစမီ၊ စတင်နေစဉ် အတွင်း တင်ပြခွင့်ရှိကြောင်း လည်း သိရသည်။

ဦးသောင်းအေးက“လူတွေက တော်တော်လေး ခံစားချက် ပြင်းထန်နေကြတယ်။ မတော်တဆ တိုင်းပြည်တခုခု ဖြစ် သွားရင် အစိုးရပဲ ဒုက္ခရောက်မှာ။ အဲဒါကြောင့် အရေးကြီး အဆိုတင်ပြီး သတိပေးတာ။ ဒီကိစ္စကို အစိုးရက ဝင်ထိန်း ပေးမှရမှာ။ လုပ်တဲ့သူတွေက လွဲတာပေါ့။ ဘာသာ သာသနာကို ထိခိုက်တာပေါ့။ လူအများစုကလည်း ဗုဒ္ဓဘာသာပဲ ကိုးကွယ်တာများတော့ ဒီကိစ္စဟာ လှိုင်းထလာရင် အစိုးရ ကိုင်ရတွယ်ရတာ ခက်လိမ့်မယ်”ဟု ပြောသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းမြင့်ကမူ ယခု ဆုတောင်းပွဲများကို ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် ဘာသာများ အချင်းချင်းကြား အဆင်ပြေပြေဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း စဉ့်ကိုင် ဖြစ်စဉ်ကြောင့် နားလည်မှု လွဲမှားကာ အခြေအနေများ ဆိုးဝါးသွားရ ကြောင်း ဧရာဝတီသို့ ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟန်းမြို့နယ် အမတ်လည်း ဖြစ်သူ ဦးထွန်းမြင့်က အောက်တိုဘာလ ၃၁ ရက် နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ နောက်ဆုံးအကြိမ် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ရဟန်း၊ သံဃာများကို ပင့်ဖိတ်မည် မဟုတ်ဘဲ ဘာသာရေး အသင်းအဖွဲ့မှ လူပုဂ္ဂိုလ်များဖြင့်သာ ကျင်းပရန် စီစဉ်ထားကြောင်း လည်း ပြောပြသည်။

“အခုနောက်ပိုင်း ဘာသာအသီးသီးက ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ်တွေချည်းပဲ လုပ်မှာဆိုတော့ စင်အောက်မှာ ထိုင် ထိုင်၊ ခုံပေါ်ပဲ တက်ထိုင်ထိုင် ပြဿနာရှိမှာ မဟုတ်တော့ဘူး။ သာသနာ့ နုဂ္ဂဟ အသင်းကလည်း လုပ်လို့ရတယ်။ တက္ကသိုလ် ဓမ္မာရုံတွေကလည်း လုပ်လို့ရတယ်။ စဉ့်ကိုင်မှာက ဘုန်းကြီးတွေ သံဃာတွေ အမျိုးမျိုးလည်းပါ။ ဓာတ်ပုံ တွေလည်း အမျိုးမျိုး ရိုက်ပြတော့ အခြေအနေတွေက ဆိုးကုန်ရော”ဟု ဦးထွန်းမြင့် က ပြောသည်။

ထို့ကြောင့် ဆုတောင်းပွဲ လုပ်ကြသူများ အနေဖြင့် လူပုဂ္ဂိုလ် ဘာသာရေးအဖွဲ့များဖြင့်သာ လုပ်စေလိုပြီး တိုင်းပြည်၏ ဘာသာရေးဆိုင်ရာ ထိလွယ်ရှလွယ်သည့် အနေအထားများကို နားလည်ကြရန်လည်း လိုအပ်ကြောင်း၊ စဉ့်ကိုင်တွင် လည်း ဆုတောင်းပွဲ ကျင်းပရန် ညွှန်ကြားချက် ပေးထားခြင်း မရှိဘဲ တိုင်းနှင့် ပြည်နယ် ၁၄ ခု၏ မြို့ကြီးများတွင်သာ ပြုလုပ်ရန် ပြောဆိုထားခြင်း ဖြစ်ကြောင်းလာည်း ၎င်းက ပြောဆိုသည်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲများသည် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း လုပ်နည်း လုပ်ဟန်ပိုင်းတွင် ပြဿနာ ရှိ သဖြင့် ဗုဒ္ဓဘာသာဝင် အများစု ရှိသည့် တိုင်းပြည်တွင် ပြည်သူလူထုကို စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း၊ နေရာ ထိုင်ခင်း ချထားခြင်းကအစ ဂရုစိုက်သင့်ပြီး ဘုရား၏ ဝိနည်း လမ်းညွှန်ချက်များနှင့် ညီညွှတ်ရန်လည်း လိုအပ်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“အာဏာရပါတီ ဆိုတာကတော့ လုပ်ရင် ဖြစ်တာပေါ့။ လူတွေကို အာဏာနဲ့ စည်းရုံးတာမျိုး မဟုတ်ဘဲနဲ့ ပြည်သူလူထု က တကယ်ဆန္ဒ ရှိရှိနဲ့ ပါလာတာမျိုး ဖြစ်သင့်တာပေါ့။ အာဏာရပါတီက လုပ်လို့ လူစည်ကားတာမျိုးက ဘာမှ မဆန်း ဘူး။ ဒါကြောင့် အာဏာရပါတီကို ထောက်ခံတဲ့ အလုပ်တွေကတော့ သိပ်အလုပ်ဖြစ်မယ် မထင်ဘူး။ သိပ်လည်း အောင်မြင် မယ် မထင်ဘူး။ အာဏာ တည်မြဲရေးအတွက် လုပ်နေတာမျိုး မဖြစ်ဖို့ လိုတယ်”ဟုလည်း ၎င်းက ပြောဆို သည်။

ယခုအခါ ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ပြီး တနိုင်ငံလုံးရှိ မြို့ကြီး များစွာတွင် ပြုလုပ်လျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading