သတင်း

ဗုဒ္ဓတက္ကသိုလ်တွင် လက်နက်များ စုဆောင်းထားသည်ဟု သတင်းတု ထုတ်လွှင့်သူများကို ရဲက အမှုဖွင့်

လူသိများထင်ရှားသည့် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တွင် လက်နက်များ စုထားကြောင်း သတင်းအတုအယောင်ကို Facebook လူမှုကွန်ရက် ပေါ်တွင် ဖြန့်ဝေခဲ့သည်ဟု မသင်္ကာသည့် Facebook သုံးစွဲသူ ၄ ဦးကို ဆက်သွယ်ရေး ဥပဒေ အရ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Facebook လူမှုကွန်ရက်တွင် အောက်တိုဘာလ ၂၃ ရက်က ပျံ့နှံ့ခဲ့သော အဆိုပါ သတင်းအတုတွင် မြောက်ဒဂုံမြို့နယ်ရှိ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ လက်နက်နှင့် ခဲယမ်းမီးကျောက်များ ရှာဖွေ တွေ့ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ သတင်းအတုတွင် ဗုဒ္ဓတက္ကသိုလ်မှ ဦးဆောင်သံဃာတော်များအား သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း နှင့် အများပြည်သူတို့ အနေနှင့် သံသရှိသည့် လှုပ်ရှားမှုများကို အသိပေးတင်ပြရန်လည်း ဖော်ပြထားသည်။

အဆိုပါသတင်းအတုကို လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုခဲ့ကြပြီး သုံးစွဲသူ အများအပြားကလည်း ယင်း သတင်းအတုအယောင်ကို အလျင်အမြန် ဖျက်ခဲ့ကြသည်။ ထေရဝါဒါ ဗုဒ္ဓဘာသာနှင့် ပတ်သက်လျှင် သီတဂူ ဗုဒ္ဓတက္ကသိုလ်သည် ပြည်တွင်းနှင့် ပြည်ပကပါ လေးစားရသည့် အဖွဲ့အစည်း ဖြစ်ပြီး၊ သတင်းတု လွှင့်သူများသည် ဗုဒ္ဓတက္ကသိုလ်၏ ပုံရိပ်ကို ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားထားသည် ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ Facebook သုံးစွဲသူ ၄ ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဦးသန်းဇော်မင်းက ဧရာဝတီသို့ အောက်တိုဘာ ၂၄ ရက်နေ့က ပြောသည်။

ရဲတပ်ဖွဲ့ အနေဖြင့် ယင်း Facebook သုံးစွဲသည့် account ပိုင်ရှင်ကို စိစစ်နေဆဲ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကလည်း ယင်းနေ့တွင်ပင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး အဆိုပါ သတင်းအတု ပျံ့နှံ့သွားခြင်းသည် တိုင်းပြည်အတွင်း လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း ဖြစ်ကြောင်း ဆိုသည်။

Faisal Thar Thakhin ဟု အမည်ပေးထားသည့် Facebook account ပိုင်ရှင်က အဆိုပါ သတင်းအတုအယောင်ကို တနင်္လာနေ့တွင် လူမှုကွန်ရက်ပေါ် စတင်လွှင့်ခဲ့ပြီး Myanmar News Facebook စာမျက်နှာတွင်လည်း လွှင့်တင်ခဲ့ကြောင်း သာသနာရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပုဒ်မ ၆၆ (ဃ) အရ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ မည်သည့် ပုဂ္ဂိုလ်ကို မဆို အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အသရေဖျက်ခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည့် ပြစ်မှုများ ထင်ရှားစီရင်ခြင်း ခံရပါက အများဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Loading