ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာ့တပ်မတော်အား အမေရိကန်က ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်လာခြင်းသည် မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အကူအညီ အထောက်အပံ့ မဖြစ်စေနိုင်ကြောင်း မြန်မာ အစိုးရ က ပြောဆိုလိုက်သည်။
အစိုးရ ပြောရေးဆိုခွင့် ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“ဆန်ရှင်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြောထားပြီးပြီ။ ပိုပြီးတော့ ဒီဘက်မှာလည်း လုပ်ရကိုင်ရတာ ခက်တယ်။ ပြည်တွင်းမှာက ဒီကိစ္စတင် မဟုတ်ဘူး။ ငြိမ်းချမ်းရေးရော၊ ဖွံ့ဖြိုးရေးရော၊ ဖက်ဒရယ်ရော အကုန်သွားနေတယ်။ သွားနေတဲ့အပေါ်မှာ အခက်အခဲတွေ ဖြစ်စေ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အောက်တိုဘာလ ၂၃ ရက်နေ့ ကြေညာချက်တွင် မြန်မာ့ တပ်မတော်မှ လက်ရှိ ခေါင်းဆောင်များနှင့် ထိပ်တန်း ခေါင်းဆောင်ဟောင်းများကို ဗီဇာပိတ်ပင်ခြင်း၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ရောင်းချမှုကိုလည်း ပိတ်ပင်ခြင်း၊ ရခိုင် မြောက်ပိုင်း ပဋိပက္ခ၌ ပါဝင်သည့် တပ်မတော် အရာရှိတချို့နှင့် လူပုဂ္ဂိုလ် တချို့ကို ပစ်မှတ်ထား အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဟု ဖော်ပြထားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းက ရခိုင်ပြည်နယ်အရေးကို တပ်မတော် က အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်နေသဖြင့် လိပ်ပြာသန့်ပြီး ပိတ်ဆို့ အရေးယူမှုများ အပေါ်တွင်လည်း စိုးရိမ်မှု မရှိကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။
“ကျနော်တို့က လိပ်ပြာသန့်ပါတယ်။ ကျနော်တို့ အနေနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန်နဲ့ နိုင်ငံကို ကာကွယ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူများတွေ ဘာပြောပြော သိပ်ပြီးတော့ စိုးရိမ်မှုလည်း မရှိပါဘူး”ဟု ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောသည်။
သို့သော် အမေရိကန်၏ ကြေညာချက် ထွက်ပေါ်ပြီး ၂ ရက်အကြာ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း တချို့ကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြန်လည် ခေါ်ယူခဲ့သည်။
ဦးဇော်ဌေးက “ပိတ်ဆို့ အရေးယူမှုတွေက အခုလောလောဆယ် မြန်မာနိုင်ငံ အခြေအနေနဲ့ သဟဇာတ မဖြစ်နိုင်ဘူး။ နောက်တခုက ပြည်တွင်းမှာ အကုန်ပေါင်းစည်းပြီး လုပ်ကိုင်နေရတဲ့အချိန်။ ကျနော်တို့ သွားနေရတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ခရီးက မပြီးဆုံးသေးဘူး။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဆောင်ရွက်နေတာတွေက အခုမှ လမ်းခုလတ်ပဲ ရှိသေးတယ်”ဟု ပြောသည်။
ထိုသို့ ပိတ်ဆို့ အရေးယူမှုများ ရှိလာပါက ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပြီး လတ်တလောတွင် ကမ္ဘာ့ ဘဏ်၏ ချေးငွေ ရွှေ့ဆိုင်းမှုကြောင့် ပြည်သူများကို ထိခိုက်မှုများ ရှိကြောင်း၊ စီးပွားရေး တိုးတက်စေရန် အစိုးရ က ကြိုးစားနေချိန်တွင် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်းသည် ပြည်သူလူထုကို ဆိုးကျိုးများ ဖြစ်စေ ကြောင်း လည်း ၎င်းက ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ခေါင်းကြီးတွင် အမေရိကန်နိုင်ငံက ရခိုင်ပြည်နယ် အရေးကိစ္စ အကြောင်းပြု၍ တပ်မတော်အပေါ် အရေးယူမှုသည် ရခိုင်အရေး ဖြေရှင်းနိုင်ရေးအတွက် တစုံတရာ ပံ့ပိုးကူညီနိုင်မည် မဟုတ်ကြောင်း၊ လိုအပ်နေသည်မှာ ပကတိ အခြေအနေကို မှန်မှန်ကန်ကန် နားလည်ပြီး ညှိနှိုင်းဆွေးနွေးမှုတို့ဖြင့် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီရန်သာ ဖြစ်ကြောင်း ဖော်ပြရာ ယင်းရေးသားချက်သည် လက်ရှိ အစိုးရ၏ အာဘော်ဖြစ်ပြီး ထိုမူအတိုင်း ရပ်တည် ဆောင်ရွက်လျက် ရှိကြောင်းလည်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ပြဿနာများကို ဖြေရှင်းရာတွင် ရေရှည်ကိုကြည့်၍ တနိုင်ငံလုံး၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အတွက် အကျိုးရှိ၊ မရှိကို အရင်ဦးစားပေး၍ စဉ်းစားသင့်ကြောင်း၊ အမေရိကန်၏ တပ်မတော်အပေါ် ပိတ်ဆို့ အရေးယူမှုသည် ရခိုင်ပြဿနာ အတွက် အောင်မြင်နိုင်လိမ့်မည်ဟု မယူဆကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်ကလည်း ပြောဆိုသည်။
“အဲဒီအစားကိုတော့ Infrastructure Development တို့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းတွေ လူသားချင်း စာနာတဲ့ အထောက်အပံ့တွေကို ထိထိမိမိပေါ့။ ထိထိရောက်ရောက် ပမာဏ လုံလုံ လောက်လောက် ပံ့ပိုးပေးတာ က ပိုလက်တွေ့ကျမယ်လို့ ထင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
အမေရိကန်၏ ထုတ်ပြန် ကြေညာချက်သည် မြန်မာ့ တပ်မတော်နှင့် အမေရိကန် အစိုးရကြား ဆက်ဆံရေးကို ရပ်ဆိုင်း လိုက်သည့် သဘောဖြစ်ပြီး ပြဿနာကို ပြေလည်စေမည့် နည်းလမ်းမျိုး မဟုတ်ဘဲ ပိုရှုပ်ထွေးသွားစေနိုင်ကြောင်း၊ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အမျိုးသား ရင်ကြားစေ့နိုင်ရန် တပ်မတော်ကို ဖယ်ထုတ်၍ မရနိုင် ကြောင်း မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးကလည်း ပြောဆိုသည်။
ဦးမောင်မောင်စိုးက“အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အရ တပ်ကို ကျနော်တို့ ဖယ်ထုတ်ထားလို့မရဘူး။ အပြုတ် တိုက်ရေး လမ်းစဉ် မဟုတ်ဘူး။ လက်ရှိ အနေအထားအရလည်း အမျိုးသား ရင်ကြားစေ့ရေးကို အောင်အောင် မြင်မြင် လုပ်နိုင်မှ ဒီရခိုင်ပြဿနာ အပါအဝင် ကျန်တဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်မှာ။ အမျိုးသား ရင်ကြားမစေ့နိုင် ဘဲ နဲ့ ကျန်တဲ့ ကိစ္စတွေ အောင်မြင်မှာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။
ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကမူ ရခိုင်အရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းထဲသို့ ရောက်ရှိသွားအောင် ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းပေးပြီး နိုင်ငံတကာ ပြဿနာ ဖြစ်အာင် ဆောင်ရွက်ခဲ့သူမှာ လက်ရှိ အစိုးရက ဖြစ်ပြီး လက်ရှိ အစိုးရ မပါဘဲ ယနေ့ အခင်းအကျင်းမျိုး မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာ အာရုံစိုက် ချိန်တွင် တပ်မတော်ကို ဦးတည်၍ တိုက်ခိုက်သည်ကို တွေ့ရ ကြောင်း ပြောဆိုသည်။
“ဒါတွေ အားလုံးသည် သူတို့ ကိုယ်တိုင်(နိုင်ငံတကာ)ကိုက တပ်ကို ပြောင်းဖို့အတွက် ဘောလုံး သဘောအရ Lift လုပ် တာပေါ့။ အစိုးရမှာလည်း အဲဒီ ဦးတည်ချက် ရှိတယ်။ ဒီလိုဖြစ်အောင်ပဲ နိုင်ငံတကာ အခင်းအကျင်းမှာ ဖန်တီးလိုက် ကြပြီ”ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။
၎င်းက ဆက်၍ “အခုမြန်မာပြည် ပြဿနာကို လုံခြုံရေး ကောင်စီမှာ တင်တာ အကုန်လုံး ဗြိတိန်ကပဲ တင်တာ။ မြန်မာ ပြည်ကိုလည်း နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်ပြီးပြီ။ အမှန်က သံရုံးတောင် Get Out လုပ်ရမှာ။ သဘောပြောတာပါ။ ကျနော်ဆိုရင် Get Out လုပ်ပြီးပြီ။ ဗြိတိသျှသံရုံးကို မြန်မာပြည်က နှင်ရမယ်။ ဝင်စွက်ဖက်လွန်း အားကြီးတယ်။ ကျနော်တို့တော့ လက်မခံဘူး”ဟု ဆိုသည်။
ကြေးမုံသတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် ရခိုင်အရေး ကနေဒါနိုင်ငံ၏ ရပ်တည်မှုကို ကြိုဆိုခဲ့ပြီး ကနေဒါ အစိုးရက မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တဦးကို ခန့်ထားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အရေး လူသားချင်း စာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ထောက်ပံ့ပေးထားပြီး အပြုသဘောဆောင်သည့် မိတ်ဆွေနိုင်ငံ အဖြစ် ရပ်တည်ပေးမှုကို ကြိုဆိုကြောင်း ရေးသားထားသည်။