သတင်း

ကျောက်မီးသွေး စီမံကိန်းကို ဒေသခံများကန့်ကွက်မှု အစိုးရ လျစ်လျူရှုနေဟုဆို

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီး ကျေးရွာအုပ်စု ဝတ်ကြီး၊ ထုံးတောင်၊ သုံးအိမ် ကျေးရွာအနီးတွင် တည်ဆောက် မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ဒေသခံများက ကန့်ကွက်နေသော်လည်း ပြည်နယ် အစိုးရက လျစ်လျူရှုနေကြောင်း ကာယကံရှင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကရင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှု ကွန်ရက် (KESAN) နှင့် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့အစည်း (MATA) တို့ ပူပေါင်းပြုစုထားသည့် “အစိမ်းရောင် အနာဂတ်အား မီးလောင် တိုက်သွင်းခြင်း” ဟူသည့် အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ဒေသခံများက ပြောဆိုသွားခြင်း ဖြစ်သည်။

KESAN နှင့် MATA တို့မှ ပြုစုထားသော အစီရင်ခံစာ မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ Orchid Hotel ၌် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ကျောက်မီးသွေး စီမံကိန်းအား ကန့်ကွက်နေသည့် ဒေသခံများလည်း တက်ရောက်ခဲ့ပြီး သတင်း မီဒီယာများကို ရှင်းပြသွားခြင်းဖြစ်သည်။

ထုံးတောင်ကျေးရွာသား စောဆတ်ထူး က “ဒေသခံတွေနဲ့ တွေ့ဆုံတဲ့ အခါဆိုရင် သူတို့ စီမံကိန်း အကောင်အထည် ဖော်ဖို့ ပဲ ရှင်းပြသွားတယ်။ ပြည်သူတွေ နားလည်အောင် ရှင်းလင်းချပြတာမျိုး မရှိဘူး။ ကျနော်တို့ရဲ့ သဘော ဆန္ဒတွေကိုလည်း ဘာတခုမှ တင်ပြခွင့် မရသလို ဘာမှလည်း မေးခွင့်မရဘူး။ ပြည်သူရဲ့ဆန္ဒ လက်ခံတာ လက်မခံတာကို နားထောင်ခြင်း မရှိ ဘူး” ဟု ဆိုသည်။

ထိုကဲ့သို့ လျစ်လျူရှုရုံတင် မကဘဲ ကျေးရွာ အဝင်လမ်းနှင့် လူအများမြင်သော နေရာများတွင် စိုက်ထူထားသည့် “ကျောက်မီးသွေး စက်ရုံ အလိုမရှိ” ဟူသော စီမံကိန်းနှင့် ပတ်သက်သည့် ဒေသခံများ၏ ဆန္ဒ သဘောထားဖြင့် စိုက်ထူ ထားသော ဆိုင်းဘုတ်များကိုလည်း ဖျက်ဆီးပစ်ခဲ့သည်ဟု စောဆတ်ထူး က ဆက်၍ ပြောသည်။

စီမံကိန်းနှင့် ပတ်သက်၍ ရွာသူရွာသားများဘက်မှ အချင်းချင်း သတင်းအချက်အလက်များ တွေ့ဆုံဖလှယ်မှုများ ပြုလုပ်ရန်၊ လူမှုအဖွဲ့အစည်းများက ရွာသူရွာသားများအား ကျောက်မီးသွေး ဆိုင်ရာ အသိအမြင်ဖွင့် သင်တန်းများ ဝေမျှပေးရန် ကြိုးပမ်းရာတွင်လည်း အာဏာပိုုင်များ၏ ပိတ်ပင်တားမြစ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သုံးအိမ်ကျေးရွာ ဒေသခံ စောမြလွင် က “သူတို့ စမ်းသပ်မှုတွေ လာလုပ်တဲ့အခါမှာ လူထုကိုလည်း အသိမပေးဘူး။ ရွာရဲ့ ဥက္ကဋ္ဌ၊ ဆရာတော်တွေကိုလည်း အသိမပေးဘူး။ ဝင်လိုက်ထွက်လိုက်နဲ့၊ မေးရင်လည်း မေးစရာမလိုဘူးတဲ့။ မင်းတို့ ဘာမှ သိတာ မဟုတ်ဘူး။ စာမတတ်ဘူး ဘာညာနဲ့ ဒေသခံတွေကို အထင်သေးတယ်။ သူတို့လာတာနဲ့ ရဲတွေရော ပြည်သူ့စစ် တွေ ရော ပါလာတော့ ကျနော်တို့လည်း သူတို့ အနားမကပ်ရဲဘူး” ဟု လက်ရှိ အခြေအနေများကို ရှင်းပြသည်။

ကရင်ပြည်နယ်တွင် မီဂါဝပ် ၁၂၈၀ ထုတ်လုပ်မည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက် ရန် Toyo Thailand Company Limited (TTCL) ကုမ္ပဏီနှင့် ကရင်ပြည်နယ် အစိုးရတို့သည် ၂၀၁၇ အစောပိုင်း က ဖြစ်နိုင်ခြေ ဆန်းစစ်နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး၂၀၁၇ မှ ၂၀၂၀ အတွင်း စီမံကိန်း အကောင် အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား(၁)နှင့် ၂၀၁၄ လျှပ်စစ်ဥပဒေပုဒ်မ (၈) အရ အကြီးစား လျှပ်စစ်ဓာတ်အား စီမံခန့်ခွဲ ခွင့်ကို ပြည်ထောင်စု အစိုးရကသာ စီမံခန့်ခွဲခွင့်ရှိပြီး ၃၀ မီဂါဝပ်အထိသာ ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ရှိသည်ဟု ပြဌာန်း ထားသော်လည်း ပြည်နယ်အစိုးရ အနေဖြင့် ယခုကဲ့သို့ MOU ထိုးခဲ့ခြင်းသည် ဥပဒေကို ကျော်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း နန်းစေးအွာ က ထောက်ပြ ပြောဆိုသည်။

နန်းစေးအွာ က “၂၀၁၂ လယ်ယာမြေ ဥပဒေမှာဆိုရင် စီမံကိန်းတခုကြောင့် ဒီလယ်ယာမြေကို သိမ်းဆည်းခံရမယ်၊ သိမ်းဖို့ လို အပ်လာမယ်ဆိုရင် ဒေသခံပြည်သူတွေ နစ်နာမှု မရှိစေရေး အတွက် လယ်ယာမြေ အစားပေးတာတို့၊ ကာလပေါက်ဈေး တခုကို ညှိနှိုင်း ဆောင်ရွက်ပေးဖို့ လယ်သမားတွေရဲ့ လိုလားချက်ကို ပြန်လည်ဖြည့်ဆည်းဖို့ အတွက်က အစိုးရမှာ တာဝန် ရှိပါတယ်”ဟု ရှင်းပြသည်။

အဆိုပါ ကျောက်မီးသွေး စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကရင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည့် လျှပ်စစ်မီးရရှိရန် ကျောက်မီးသွေး စက်ရုံတည်ဆောက်မည် ဖြစ်ပြီး ဆိုးကျိုး ဖြစ်လာပါ က ပြည်သူကပေးသည့် ပြစ်ဒဏ် ခံယူရန်အသင့် ရှိကြောင်း ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောဆိုထားဖူးသည်။

အစိုးရအနေဖြင့် စီမံကိန်းနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သတင်း အချက်အလက်များကို ပွင့်လင်းမြင်သာစွာ ကဏ္ဍအစုံတွင် ထုတ်ဖော်ပြောဆိုရန်နှင့် အများပြည်သူ၏ ပူးပေါင်းပါဝင်ဆွေးနွေး အကြံပြုချက်များကို အလေးအနက် ထည့်သွင်း ဆောင်ရွက်ရန် MATA နှင့် KESAN ၏ အစီရင်ခံစာက အကြံပြုထားသည်။

TTCL ကုမ္ပဏီသည် Italian-Thai Development နှင့် Japanese Company Toyp Engineering Corporation တို့ ပူးပေါင်းပြီး ၂၀၁၇ မှ ၂၀၂၀ ကြားတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ပမာဏဖြင့် အကြီးစား ကျောက်မီးသွေး စက်ရုံစီမံကိန်း ၂ ခုတည်ဆောက်ရန် ဖြစ်သော်လည်း မွန်ပြည်နယ် ရေးမြို့နယ်ရှိ အံဒင်ဒေသခံများ၏ ဆန္ဒပြကန့်ကွက်မှုများကြောင့် ယခုအခါ စီမံကိန်း ရပ်ဆိုင်း ထားရကြောင်း သိရသည်။

TTCL မှ ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းမြေနေရာ အတွင်းရှိ လယ်ယာမြေများနှင့် ရော်ဘာခြံစိုက်ခင်းများအား မြေယာနှင့် သီးနှံလျော်ကြေးငွေများကို အောက်တိုဘာ ၂၆ မှ စတင်၍ ပေးချေနေပြီ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဓာတ်ပုံများ မှန်ကန်သော်လည်း ပိုက်ဆံများမှာ ရွာသူ/သားများ လက်ထဲ အမှန်တကယ် ရောက်ရှိခြင်းမရှိဘဲ ဓာတ်ပုံရိုက်ပြီးသည်နှင့် ပိုက်ဆံများ ပြန်လည်ယူသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading