သတင်း

မတ္တရာတွင် ငါးမွေးမြူရေးကုမ္ပဏီကြောင့် လယ်ယာမြေစိုက်ခင်းများ ဆုံးရှုံးနစ်နာမှုများ ရှိနေ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊မတ္တရာမြို့နယ်၊ စကျင်ကျေးရွာတွင် စံပြငါးမွေးမြူရေးကုမ္ပဏီက တနှစ်ပတ်လုံး ရေများ သိုလှောင်ပိတ်ဆို့ထားသဖြင့် ဒေသခံနေအိမ်များ ရေနစ်မြုပ်ခြင်း၊ လယ်ယာမြေ စိုက်ခင်းများ ဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း စကျင်ဒေသခံများထံက သိရသည်။

အဆိုပါကိစ္စကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုင်ကြားထားပြီး သတ်မှတ်ကာလအတွင်း အရေးယူပေးခြင်း၊ ကွင်းဆင်းစစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခြင်းမရှိပါက မတ္တရာမြို့ပေါ်တက်၍ ရွာလုံးကျွတ်ဆန္ဒထုတ်ဖော်သွားမည်ဟု ဒေသခံများက ပြောသည်။

” စံပြငါးမွေးမြုရေးကုမ္ပဏီက တနှစ်ပတ်လုံး ရေသိုလှောင်ပြီး ငါးမွေးမြူရေးလုပ်နေတာ ၇ နှစ်လောက် ရှိပါပြီ။ စံပြငါးကန်ကြောင့် နှစ်စဉ်လူနေအိမ်တွေ၊ စိုက်ခင်းတွေ ရေနစ်ပြီး ဆုံးရှုံးနေရပါတယ်၊ ဒါကို အောက်တိုဘာ ၁၇ က သတင်းပေးတိုင်ကြားခဲ့ပါတယ်၊ အခုလို တိုင်ကြားထားတာကို ရက်ပေါင်း ၆၀ စောင့်ကြည့်လို့မှ သက်ဆိုင်ရာက လာရောက် ဖြေရှင်းပေးခြင်း မရှိရင် ပြည်သူတွေက ဆန္ဒပြတောင်းဆိုသွားဖို့ရှိပါတယ်”ဟု ဒေသခံ ကိုအောင်ထူးကပြောသည်။

” ဆည်တော်ကြီး ကနေ တောင်သူတွေ စိုက်ပျိုးရေအသုံးပြုဖို့ လွှတ်ပေးနေတဲ့ နွယ်တန်းချောင်းကြီးကို ရေထိန်းတံခါးကြီး သုံးချပ်နဲ့ပိတ် သဲအိတ်တွေပိတ်ပြီး ရေသိုလှောင်တယ်၊ အဲဒီလိုကြောင့် နှစ်စဉ်ရွာမှာ တနှစ်လေးကြိမ် ရေမြုပ်ပါတယ်၊ သဘာဝဘေးကြောင့် မဟုတ်ဘဲ ငါးကန်ကြောင့်ပါ၊ ကိုယ်ကျိုးစီးပွားကို ရှေးရှုပြီး နွယ်တန်းချောင်းကြီးကို တရားမဝင်ပိတ်ဆို့ပြီး ရေသိုလှောင် ငါးမွေးတာတွေကြောင့်ဖြစ်နေရတာပါ” ဟု ကိုအောင်ထူးက ဆက်လက် ပြောသည်။

စကျင်ကျေးရွာတွင် အိမ်ခြေ ၂၀၀၀၊ လူဦးရေ ၇၀၀၀ ကျော်နေထိုင်ပြီး အဆိုပါ ငါးကန်ပြုလုပ်ပြီးနောက် နှစ်စဉ် လူနေအိမ်၂၀၀ ခန့် ရေနစ်မြုပ်မှုဖြစ်ပေါ်နေရသလို လယ်ယာစိုက်ခင်း ဧက ၁၅၀ ခန့်ဆုံးရှုံးမှု ဖြစ်ပေါ်နေရကြောင်း၊ ထို့အပြင် ဒေသခံများအား အင်းအတွင်းမှ ငါးခိုးဖမ်းသည်ဟုဆိုကာ မတရားဖမ်းဆီး ထောင်ချနေမှုများလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က မိုးရွာသွန်းမှုနှင့်အတူ ဆည်တော်ကြီး ဆည်ရေလျှော့ချမှုကြောင့် တစ်ရွာလုံးရေမြုပ်ခဲ့ရာ ငါးကန်က တရားမဝင်ပိတ်ဆို့ထားသော ရေထိန်းတံခါးများကို ဒေသခံများက ဖွင့်ချခဲ့ကြောင်း၊ ရေထိန်း တံခါးဖောက်ချမှုနှင့် ပက်သက်ပြီး အောက်တိုဘာ ၁၆ ရက်နေ့က စံပြငါးကန်နှင့် ဒေသခံများ တင်းမာမှု အခြေအနေအထိ ဖြစ်ခဲ့ရကြောင်း၊ အဆိုပါအခြေအနေကို ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ထိန်းသိမ်းညှိနှိုင်း ပေးခဲ့ရသည်ဟု သိရသည်။

“ငါးကန်ဘက်က အချိန် ၆ လပေးဖို့တောင်းဆိုတယ်၊ အဲဒီခြောက်လအတွင်းမှာ ငါးဖမ်းမယ်၊ ရေလျှော့မယ်၊ ပြီးရင် ဒေသခံတွေ တောင်းဆိုတဲ့အတိုင်း သူတို့ပိုင်ဆိုင်တဲ့ဧရိယာအတိုင်း ဘောင်ကန့်ပြီး လုပ်ဆောင်ပေးမယ်ဆိုပြီး ခံဝန်ထိုး ကတိပေးခဲ့ပါတယ်၊ လိုက်နာမှုမရှိခဲ့ဘူး ဆိုရင်တော့ ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားဖို့ မြို့နယ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားပါမယ်”ဟု စကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

ဒေသခံများက စံပြငါးမွေးမြုူရေးကုမ္ပဏီကြောင့် ရေနစ်မြုပ်နေသော ဂိုဏ်းဒေါင့် ရေကန်၊ ရေတွင်းများ၊ ကျေးရွာအတွင်း လူသွားလမ်းများအား အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပြုပြင်ပေးရန်၊ စံပြငါးမွေးမြုူရေးကုမ္ပဏီကြောင့် ပျက်စီးခဲ့ရသော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် စသည့်အချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြထားသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန(မန္တလေးတိုင်း)မှ တာဝန်ရှိသူတဦးကလည်း အဆိုပါ စကျင်းအင်းအတွင်း ငါးလုပ်ငန်းလုပ်ကိုင်ရန် ယနေ့အချိန်အထိ တရားဝင်ခွင့်ပြုပေးထားခြင်းမျိုး မရှိသေးကြောင်း ရှင်းပြသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ စံပြငါးကန် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိခဲ့ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading