သတင်း

ဖလမ်းမြို့တွင် ချင်းဘာသာဖြင့် ဆန္ဒမပြရန် တားမြစ်ခံရ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ လိုင်ဇိုးကျေးရွာ အမည်ကို ဖျက်သိမ်း၍ ဖလမ်းမြို့ပေါ် ရပ်ကွက်အဖြစ် သတ်မှတ်သည့် အပေါ် ကျေနပ်မှု မရှိသည့်အတွက် ဆန္ဒပြမည့်အပေါ် ချင်း ဘာသာစကား ကြွေးကြော် သံများနှင့် ချင်းစာပေဖြင့် ရေးသား ထားသည့် ပိုစတာများ ကိုင်ဆောင်ခြင်း မပြုလုပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူ ပြောဆိုခဲ့ကြောင်း သိရသည်။

ဒေသခံများက နိုဝင်ဘာ ၆ ရက်နေ့တွင် ပြုလုပ်မည့် ယင်းဆန္ဒပြပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်ပေးရမည် ဖြစ်၍ ယင်းကဲ့သို့ မပြုလုပ်ရန် ပြောဆိုထားခြင်းဖြစ်ကြောင်း၊ ဆန္ဒပြပွဲကို နိုဝင်ဘာ ၁ ရက်နေ့တွင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း ချင်းပြည်နယ်ဝန်ကြီးချုပ် လာရောက်မည့်နေ့ဖြစ်နေသည့်အတွက် ထပ်မံ ရက်ရွေ့ခဲ့ရကြောင်း ဆန္ဒပြဦးဆောင်သူ ဦးဇထန်းက ဧရာဝတီကိုပြောသည်။

“ဆန္ဒပြရာမှာ ချင်းတိုင်းရင်းသားစကားနဲ့ မပြောရဘူး။ စာရွက်စာတမ်းတွေလည်း ရုံးသုံး မြန်မာစာနဲ့ ရေးသားရမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ကျနော်ကို ခေါ်ပြောပါတယ်။ ဗမာစကား မတတ်ရင် ဆန္ဒပြမရတော့ဘူးလား။ ကျနော်တို့ ဆန္ဒပြရင် ချင်းလူမျိုးတွေလာနားထောင်ရင် ဘယ်လိုနားလည်မလဲ။ အခုဟာက ကျနော်တို့ လိုင်ဇိုးရွာသားတွေ ဆန္ဒမပါပဲ လိုင်ဇိုးရွာကိုဖျက်ပြီး ဖလမ်းမြို့ထဲ အတင်းထည့်ထားတာကို လွှတ်တော်ကိုယ်စားလှယ်က တင်တာကို မကျေနပ်လို့ ဆန္ဒပြတာလေ” ဟု ဦးဇထန်းက ပြောသည်။

ဆန္ဒပြမည့်နေတွင် အရေးကြီးပုဂ္ဂိုလ်များ လာရောက်သည့်နေ့ဖြစ်လျှင် သက်ဆိုင်ရာဥပဒေ ပုဒ်မ ၈ (င) အရ ခွင့်ပြုမိန့်ကို ငြင်းပယ်နိုင်ပြီး၊ ဆန္ဒပြရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးယူပေးရမည့်ဖြစ်သဖြင့် ၎င်းတို့နားလည်နိုင်ရန် ရုံးသုံးဘာသာ စကားဖြင့်သာ ကြွေးကြော်ခြင်း၊ ဟောပြောခြင်းနှင့် စာရွက်စာတမ်းများ ကိုင်ဆောင်ခြင်းတို့ကို ပြုလုပ်ရန် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ပြောသည်။

၎င်းက “အားလုံးအဆင်ပြေချောမွေ့စေဖို့ သူတို့တင်ပြထားတဲ့အကြောင်းအရာတွေရယ်၊ သူတို့ပြောမယ့်စကားတွေ ကွဲလွဲရှိလာတဲ့အခါကျရင် ပြဿနာတွေရှိလာနိုင်လို့ ကန့်သတ်ထားတာဖြစ်ပါတယ်။ အဓိကတော့ သူတို့ကို စောင့်ရှောက်ပေးရမှာဖြစ်လို့ သူတို့ပြောတာက တင်ပြထားတဲ့အချက်အလက်တွေညီ၊ မညီ အဓိကစောင့်ကြည့်ဖို့က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြစ်ပါတယ်။ ကွဲလွဲမှုဖြစ်တဲ့အခါ သက်ဆိုင်ရာအဖွဲ့အစည်းမှာ အန္တရာယ်ရှိမှာမို့လို့ ကန့်သတ်ရတာပါ။” ဟု ရှင်းပြသည်။

ဒေသခံများသည် လိုင်ဇိုးကျေးရွာအုပ်စုအား ဖလမ်းမြို့တိုးချဲ့စီမံကိန်းတွင် ရွာနာမည်ကိုပယ်ဖျက်၍ ဖလမ်းမြို့ပေါ် ရပ်ကွက်အဖြစ် ထည့်သွင်းခြင်းအပေါ် သဘောတူညီမှု မရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအထိ အကြိမ်ကြိမ် အသနားခံစာရေး၍ တင်ပြခဲ့သော်လည်း လိုင်ဇိုးကျေးရွာအုပ်စုနှင့် ကျေးရွာ ၇ ရွာပယ်ဖျက်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူညီပြီးဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့ နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်ရုံးမှတ်တမ်းတွင် ထည့်သွင်းဖော်ပြထားခြင်းကြောင့် ဆန္ဒပြကန့်ကွက်ရခြင်း ဖြစ်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading