သတင်း

ရခိုင်မြောက်ပိုင်းက ကယ်ဆယ်ရေး စခန်းများကို ပိတ်သိမ်းတော့မည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုုုဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနိုင်ရန်အတွက် မြို့နယ် အသီးသီးတွင် ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်းများကို နိုင်ဝင်ဘာလ ၂ နေ့ နောက်ဆုံးထား ပိတ်သိမ်း သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

လက်ရှိအချိန်တွင် နယ်မြေအနေအခြေ တည်ငြိမ်အေး ချမ်းလာပြီဖြစ်သလို စခန်းများတွင်လည်း လူအနည်းစုသာ ကျန်ရှိသည့်သဖြင့် ယင်းသို့ ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှစ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ က ပြောသည်။

ဝန်ကြီး ဦးအောင်ကျော်ဇံက “စခန်းတွေကို ပိတ်သိမ်းတယ် ဆိုတာက လူတွေ မရှိတော့လို့ ပိတ်သိမ်းတာပါ။ အတင်း ပြန်လွတ်တာ မဟုတ်ပါဘူး။ လူတွေ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ကျန်တော့တယ်လေ။ အဲဒီလူတွေ ကိုလည်း ပြန်မယ်ဆိုရင် အကုန်လုံး ပံ့ပိုးပေးပြီးတော့မှ လိုက်ပို့ပေးလို့ရအောင်ဆိုပြီးတော့ လုပ်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောဒေသအတွင်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင်၊ မြို၊ ဒိုင်းနက်၊ မရမာကြီးတိုင်း စသည့် ရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များသည် ရခိုင်ပြည်နယ် အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့ အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား စသည့်မြို့နယ်များသို့ ထွက်ပြေးခဲ့ကြရာမှ ကယ်ဆယ်ရေးစန်းများ ဖွင့်လှစ်၍ ခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ ဌာနေတိုင်းရင်းသား သောင်းချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တွေမြို့ တခုတည်းတွင်ပင် ဘုန်းတော်ကြီးကျောင်း ၃၀ ကျော်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၆ ထောင်ကျော် ခိုလှုံခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်တွေမြို့ရှိ ရခိုင်ကယ်ဆယ်ရေးစခန်း ၃၀ ကျော်တွင် ခိုလှုံနေသူများ နေရပ်ပြန်သွားကြပြီ ဖြစ်ပြီး ရခိုင်ကယ်ဆယ်ရေးစခန်း ၂ ခု၊ မရမာကြီး ကယ်ဆယ်ရေးစခန်း ၁ ခုနှင့် ဟိန္ဒူကယ်ဆယ်ရေးစခန်း ၂ ခု စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၅ ခုသာ ကျန်ရှိနေတော့သည်ဟု သိရသည်။

ရခိုင်ကယ်ဆယ်ရေးစခန်း ၂ ခုတွင် မိသာစုအနည်းငယ် ကျန်ရှိနေသေးသော်လည်း ကျောင်းတက်လမ်း ရပ်ကွက် ဟိန္ဒူကယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၄၀၀ ကျော်၊ ဓညဝတီအားကစားကွင်း ဟိန္ဒူ ကယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၆၀၀ ကျော်နှင့် မရမာကြီးကယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၃၀၀ ကျော် အသီးသီး ကျန်ရှိနေသေးကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများအား ပိတ်သိမ်းမည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စခန်း တာဝန်ခံများအား အောက်တိုဘာလ ၂၇ ရက်စွဲဖြင့် အကြောင်းကြားစာ တစ်စောင်ပေးပို့ထား ကြောင်းလည်း သိရသည်။

ထိုအကြောင်းကြားစာတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှု ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံ တိုင်းရင်းသားများအား သက်ဆိုင်ရာ မြို့နယ် အလိုက် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကာ လက်ရှိအခြေအနေတွင် နယ်မြေအခြေအနေ အေးချမ်းတည်ငြိမ် နေပြီ ဖြစ်သဖြင့် အဆိုပါ ကယ်ဆယ်ရေးစခန်းအားလုံး နိုဝင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းသွားရန်နှင့် ရိက္ခာ၊ ငွေသား ထောက်ပ့ံ့မှု အစီအစဉ်များ ကိုလည်း ယင်းနေ့မှ စ၍ ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

စစ်တွေမြို့ရှိ ရခိုင်ကယ်ဆယ်ရေးစခန်းတွင် လူမရှိသလောက် နည်းပါးသွားပြီ ဖြစ်သော်လည်း ဟိန္ဒူ ဘာသာဝင်များ နှင့် မရမာကြီး ကယ်ဆယ်ရေး စခန်းတွင် လူအမြောက်အများ ကျန်ရှိနေသေးသဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စခန်းပိတ်သိမ်းမည့်အကြောင်းကြားချက် ရောက်ရှိလာသည့်ပြီးနောက် ဟိန္ဒူကယ်ဆယ်ရေးစခန်းရှိ ဟိန္ဒူဘာသာဝင် များက စိုးရိမ်နေကြရသည်ဟု ဆိုကြသည်။

စစ်တွေ ဓညဝတီ အားကစားကွင်း ဟိန္ဒူကယ်ဆယ်ရေးစခန်းမှ ဦးမေလ်က “စခန်းပိတ်မယ် ဆိုပြီး စာရောက်တော့ ကျနော်တို့ ကြောက်သွားကြတယ်။ ကျနော်တို့ အားလုံး ဒီမှာပဲနေချင်သေးတယ်။ မပြန်ပဲနေမယ်ဆိုင်ရင် အစိုးရက ကျနော်တို့ အပေါ် ဘယ်လို မြင်လာမလဲ ဆိုတာ အဲဒီအပေါ်မှာလည်း ကျနော်တို့ စိုးရိမ်နေတယ်။ ကျနော်တို့ ပြန်ဖို့ ဆိုရင် အသက် အန္တာရာယ်ရှိတယ်။ ပြန်လည် နေရာချတာတာ မရှိသ၍ကို ဒီမှာပဲ နေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှစ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံကတော့ နေရပ်မပြန်ဘဲ ကယ်ဆယ်ရေးစခန်းရှိ ကျန်နေသေးသော ဟိန္ဒူနှင့် မရမာကြီးတို့ကိုမှု ယင်းတို့၏ ဆန္ဒကို တောင်းခံပြီး စခန်းတွင် မပြန်ဘဲနေလိုက ဆက်လက် ထားရှိသွားပြီဟု ဆိုသည်။

ဝန်ကြီး ဦးအောင်ကျော်ဇံက “ သူ့တို့ဆန္ဒကိုတောင်းခံထားတယ်။ အတင်းမနှင်ပါဘူး။ သူတို့ဒီမှာနေချင်သေး တယ်ဆိုရင် ထားအုံးမှာပါ” ဟု ပြောသည်။

ARSA အကြမ်းဖက်အဖွဲ့က ယခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် မြို့နယ်များရှိ လုံခြုံရေးစခန်း ၃၀ နှင့် တပ်မတော်ဌာနချုပ်တခုအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစိုးရဝန်ထမ်း ၁၅ ဦးနှင့် အရပ်သားများကို သတ်ဖြတ်မှုပြုလုပ်ခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ယင်းဒေသတွင် နေထိုင်ကြသော လူနည်းစု ဌာနေ တိုင်းရင်းသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံရင်း ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading